ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့နောက် ပါတီခေါင်းဆောင် နေရာကပါ နုတ်ထွက်တော့မယ့် ဖင်လန် ဝန်ကြီးချုပ်

 

ဧပြီ၊ ၆

ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့နောက် ဖင်လန် ဝန်ကြီးချုပ် ဆန်နာ မာရင်ဟာ ပါတီရဲ့ အကြီးအကဲ ရာထူးကပါ နုတ်ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။

 နိုင်ငံတကာမှာ ထင်ရှား လူကြိုက်များတဲ့ လူငယ် နိုင်ငံရေး ခေါင်းဆောင် တဦးအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် မာရင်ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ လက်ယာယိမ်း ပြိုင်ဘက်တွေကို ကပ်အရေးနိမ့်ခဲ့ပြီး ရာထူးသက်တမ်း ကုန်ဆုံးချိန်မှာ ဝန်ကြီးချုပ် အဖြစ်က နုတ်ထွက်ရတော့မှာပါ။

 ဧပြီ ၅ ရက်မှာတော့ သူဟာ ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို တာဝန်ယူပြီး အာဏာရ ဆိုရှယ် ဒီမိုကရက်ပါတီ အကြီးအကဲ ရာထူးကနေပါ နုတ်ထွက်တော့မယ်လို့ အတည်ပြုသွားပါတယ်။

 လာမယ့် ဆောင်းဦးပေါက်မှာ ဆိုရှယ်ဒီမိုကရက် ပါတီရဲ့ ညီလာခံကို ကျင်းပဖို့ လျာထားပြီး အဲဒီကျရင် သူဟာ ပါတီခေါင်းဆောင် နေရာက နုတ်ထွက်ပေးမယ်လို့ အသက် ၃၇ နှစ်သာ ရှိသေးတဲ့ မာရင်က ဆိုပါတယ်။ နောက်ပိုင်းမှာတော့ သူ့ဘဝရဲ့ မျက်နှာစာသစ်တွေကို ဖွင့်လှစ်သွားဖို့ စဉ်းစားထားတယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။ သူဟာ လွှတ်တော် အမတ် တဦးအနေနဲ့တော့ ဆက်ပြီး အလုပ်လုပ်ချင်သေးတယ်လို့လည်း ဝန်ခံပါတယ်။

 ပြီးခဲ့တဲ့ ဖင်လန် ရွေးကောက်ပွဲဟာ အရမ်း အကြိတ်အနယ် ရှိခဲ့ပြီး မာရင်ရဲ့ ဆိုရှယ် ဒီမိုကရက် ပါတီက လွှတ်တော်အမတ် နေရာ တတိယ အများဆုံးသာ ရခဲ့ပါတယ်။ ဒါပေမဲ့ မဲအများဆုံးရတဲ့ ပါတီ ၃ ခုကြားက ကွာဟချက်တွေက တခုနဲ့တခု ၁ ရာခိုင်နှုန်းတောင် မရှိပါဘူး။

 မာရင်ဟာ ၂၀၁၉ ခုနှစ်မှာ ဝန်ကြီးချုပ် ဖြစ်ခဲ့တော့ အသက် ၃၄ နှစ် အရွယ်သာ ရှိသေးပြီး ဖင်လန်နိုင်ငံ သမိုင်းမှာ အသက်အငယ်ဆုံး နိုင်ငံခေါင်းဆောင် အနေနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ သူဟာ ကမ္ဘာတလွှားက ငယ်ရွယ်ပြီး ရည်မှန်းချက် ကြီးမားတဲ့ လူငယ် နိုင်ငံရေးသမားတွေရဲ့​ ရှေ့ဆောင်လမ်းပြ ဖြစ်ခဲ့ပေမယ့် ပြည်တွင်းမှာတော့ ရုန်းကန်ရတဲ့ အခြေအနေ တချို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အထူးသဖြင့် သူဦးဆောင်တဲ့ ဆိုရှယ် ဒီမိုကရက် ပါတီဟာ ပြည်သူ့အခွန် ဘဏ္ဍာတွေကို စီမံခန့်ခွဲပုံ အားနည်းတယ်လို့ အတော်လေး ပြင်းပြင်းထန်ထန် စွပ်စွဲမှုတွေ ကြုံခဲ့ရပြီး စီးပွားရေး ဖွံ့ဖြိုးမှုကို ပိုမို အားပေးတဲ့ ပြိုင်ဘက် လက်ယာယိမ်း အင်အားစုတွေက အခြေအနေ ကောင်းလာခဲ့တာ ဖြစ်ပါတယ်။