ဧပြီ၊ ၅
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တောင်ပိုင်းက အင်းလယ်ကြီးရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက စစ်ကြောင်းထိုးမီးရှို့တာကြောင့် အိမ်ခြေနှစ်ရာကျော်ပျက်စီးသွားသလို ရွာခံအမျိုးသားနှစ်ဦးကိုလည်း သတ် ဖြတ်သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
သတ်ဖြတ်ခံရသူတွေဟာ အင်းလယ်ကြီးရွာခံ အသက်(၃၅)နှစ်အရွယ်ကိုဝလီနဲ့အသက်(၆၅)နှစ်အရွယ် ဦးဌေး မောင်တို့ဖြစ်တယ်လို့ သိရပါတယ်။အဲ့ဒီနှစ်ဦးထဲက ကိုဝလီဟာ စိတ်ကျန်းမာရေးမကောင်းသလို၊ ဆွံ့အနား မကြားတဲ့ မသန်စွမ်းတဦးလည်းဖြစ်ပြီး ဦးဌေးမောင်ကတော့ စိတ်ကျန်းမာရေးမကောင်းသူလို့ ဆိုပါတယ်။
“ကိုဝလီက ငယ်ကတည်းက စကားမပြောနားမကြားသလို စိတ်ကျန်းမာရေးလည်းမကောင်းဘူး။ သူက ဆွေမျိုး ရင်းချာလည်း မရှိတော့ဘူး၊ညီအစ်ကိုဝမ်းကွဲတော်စပ်သူတွေလောက်ရှိတာ၊သူ့ကို ရပ်ရွာကပဲ ကျွေးမွေးစောင့် ရှောက်ထားရတာ”လို့ အင်းလယ်ကြီးရွာ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်လာချိန်မှာ ထွက်ပြေးတိမ်းရှောင်ဖို့ခေါ်မရတာကြောင့်ရွာမှာကျန်နေခဲ့ရာက နှစ်ဦးလုံးသတ်ဖြတ်ခံလိုက်ရတာလို့ သိရပါတယ်။
အင်းလယ်ကြီးရွာကို စစ်အုပ်စုက ဧပြီ ၂ ရက် ညနေပိုင်းမှာ အင်အား(၁၅၀)လောက်နဲ့ စတင်စစ်ကြောင်းထိုး ဝင် ရောက်ခဲ့တာဖြစ်ပြီး နောက် တရက်မနက်နဲ့ ဧပြီ ၄ရက်တို့မှာ ရွာထဲကနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ် ရှားသူ များအဖွဲ့ကပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ အင်းလယ်ကြီးရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ဧပြီလ ၄ ရက်ညနေပိုင်းမှာ ညောင်ပင် ရွာမဘက်ဆက်လက်ထွက်ခွါသွားပြီး ညောင်ပင်ရွာမက ပြည်သူပိုင်နွားတွေကိုလည်း ခိုးယူသွားတယ်လို့ ဆိုပါ တယ်။
ကန့်ဘလူမြို့တောင်ဘက် ၁၁မိုင်အကွာက အင်းလယ်ကြီးရွာဟာ အိမ်ခြေ ရှစ်ရာကျော်ရှိတဲ့ရွာတရွာဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွင်းကလည်း အဲ့ဒီရွာကို စစ်ကောင်စီက မီးရှို့လို့ အိမ်ခြေ (၁၃၀)ကျော်ပျက်စီးခဲ့ပါသေးတယ်။
အခုတကြိမ်စစ်ကြောင်းထိုးမီးရှို့မှုကြောင့် အိမ်ခြေ နှစ်ရာဝန်းကျင်ပျက်စီးဆုံးရှုံးနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်း ထားပြီး အတိအကျတော့မသိရသေးပါဘူး။
ဒါအပြင် ဒီကနေ့ ဧပြီ ၅ ရက် နေ့လယ်ပိုင်းကလည်း ကန့်ဘလူမြို့နယ် မြောက်ဘက် စစ်ကိုင်းတိုင်းနဲ့မန္တလေးတိုင်း အစပ်က ဇင်းရွာအနီးကို စစ်ကောင်စီက တိုက်ခိုက်ရေးလေယာဉ်နဲ့ လေကြောင်းက ပစ်ခတ်တိုက်ခဲ့သေးတယ် လို့ သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုမှာတော့ ဒေသခံတွေ အထိအခိုက်မရှိခဲ့ဘူးလို့ဆိုပါတယ်။