ဦးခေါင်းမပါဘဲ မီးသင်္ဂြိုလ်ခဲ့ရတဲ့ ဗိုလ်ဆင်ရိုင်းအပါအဝင်ကျဆုံးကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦးရဲ့ဈာပန

ဧပြီ၊ ၅

စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်အခြေစိုက် စစ်ကိုင်းခရိုင်၊ PDF အမှတ်(၁)တပ်ရင်း ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်းအပါ အဝင် ကျဆုံးတပ်ဖွဲ့ဝင် သုံးဦးကို သူရဲကောင်းဗိမ္မာန်ပြုလုပ်ဂုဏ်ပြုပေးခဲ့ပြီး ဈာပနအခမ်းအနား လည်းကျင်းပ ခဲ့တယ် လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးတပ်ဖွဲ့(CDSOM)က ဒီကနေ့ထုတ်ပြန်ပါတယ်။

စစ်ကိုင်းခရိုင်၊PDF တပ်ရင်း(၁)က ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်းနဲ့ တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ကိုမင်းမင်းသန့်၊ ကိုမြတ်မင်း ချစ်တို့ဟာ ပြီးခဲ့တဲ့ မတ်လ ၃၀ရက်က စခန်းစီးနင်းခံရချိန်မှာ ကျဆုံးခဲ့ကြတာပါ။

မြောင်မြို့နယ် ဆွဲလွဲအိုရွာအနီးက PDF စခန်းကို စစ်ကောင်စီတပ်က စီးနင်းတိုက်ခိုက်ချိန်မှာ ခုခံတိုက်ခိုက်ဖို့ လက်နက်မရှိတာကြောင့် ဒုတပ်ရင်းမှူးဗိုလ်ဆင်ရိုင်းအပါအဝင်PDF တပ်ဖွဲ့ဝင်တွေ ထွက်ပြေးတိမ်း ရှောင်ခဲ့ကြ ရပါတယ်။ 

အဲ့ဒီလိုတိမ်းရှောင်ကြချိန်မှာ ဗိုလ်ဆင်ရိုင်းနဲ့အတူ တပ်ဖွဲ့ဝင်နှစ်ဦး စုစုပေါင်းသုံးဦး ပစ်ခတ်ခံရပြီးကျဆုံးခဲ့ပါတယ်။ 

စစ်ကောင်စီက ဗိုလ်ဆင်ရိုင်းရဲ့ ခေါင်းကိုခုတ်ဖြတ်ယူသွားတာကြောင့် အဲ့ဒီနေ့မှာ ဦးခေါင်းမပါတဲ့ရုပ်အလောင်း ကိုပဲမီးသင်္ဂြိုလ်ခဲ့ရပြီး နောက်တရက်မှာမှ စစ်ကောင်စီက စွန့်ပစ်ထားခဲ့တဲ့ ဦးခေါင်းကိုပြန်လည်ရှာဖွေတွေ့ ခဲ့ကြ ပါတယ်။

ဗိုလ်ဆင်ရိုင်းအပါအဝင် ကျဆုံးတပ်ဖွဲ့ဝင်သုံးဦးကို မြောင်မြို့နယ်ရဲ့ အာဇာနည်တွေအဖြစ် ဂုဏ်ပြုသတ်မှတ် သွားမှာ ဖြစ်တယ်လို့ CDSOM ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။