လူသားချင်းစာနာမှုအကျပ်အတည်း အရေးပေါ်အခြေအနေမှာ ကုလနဲ့နိုင်ငံတကာက ထိရောက်တဲ့အရေးယူမှုလုပ်ဖို့ ကေအဲင်န်ယူတိုက်တွန်း

ဧပြီ၊ ၅

နိုင်ငံတဝှမ်းက ပြည်သူတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ အကြမ်းဖက်သတ်ဖြတ်ခံရမှုတွေ၊ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေက အရေးပေါ်အခြေအနေကို ရောက်ရှိနေပြီးဖြစ်တဲ့အတွက် ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သင့်တယ်လို့ UN နဲ့နိုင်ငံတကာကို KNU ဗဟိုက တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
 
“ ကျွန်တော်တို့ မြေပြင်ကနေ တိုက်ရိုက်ကောက်ယူစုဆောင်းရရှိခဲ့တဲ့ သတင်းအချက်အလက်တွေ၊ သက်သေအထောက်အထားတွေအရ ကော်သူးလေ ကေအဲန်ယူ- အုပ်ချုပ်နယ်မြေမှာ နေထိုင်တဲ့ ပြည်သူတွေအပါအဝင် မြန်မာနိုင်ငံတဝန်းလုံးက ပြည်သူတွေ နေ့စဉ်နဲ့အမျှ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကြမ်းဖက်သတ်ဖြတ်ခံရမှုတွေ၊ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေဟာ အရေးပေါ်အခြေအနေကို ရှောက်ရှိနေတယ်ဆိုတာရယ်၊ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ အမြန်ဆုံးလိုအပ်နေတယ်ဆိုတာကို အဓိက မီးမောင်းထိုးပြော လိုတာ ဖြစ်ပါတယ် ” လို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ၂ ပဒိုစောလှထွန်းက ဆိုပါတယ်။
 
၂၀၂၁ ခုနှစ် မြန်မာစစ်တပ်မှ အာဏာသိမ်းယူလိုက်တဲ့အချိန်ကနေစပြီး ကော်သူးလေအုပ်ချုပ်နယ်မြေမှာ ၂ နှစ်တာကာလအတွင်း ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေတွေနဲ့ ပတ်သက်ပြီး ဒီကနေ့ ဧပြီလ ၅ ရက်နေ့မှာ KNU ဗဟိုက ထုတ်ပြန်လိုက်တဲ့ အစီရင်ခံမှာ ဖော်ပြထားခြင်းဖြစ်ပါတယ်။
 
အစီရင်ခံစာမှာကုလသမဂ္ဂအဖွဲ့အစည်း၊ ထိုင်းနိုင်ငံ၊ အရှေ့တောင်အာရှအဖွဲ့ဝင် နိုင်ငံများ အပါအဝင် နိုင်ငံတကာ အစိုးရတွေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေမြန်မာပြည်သူလူထုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အထိရောက်ဆုံးနည်းလမ်းတွေနဲ့အမြန်ဆုံး တားဆီးကာကွယ်ပေးဖို့ တောင်းဆိုထားပါတယ်။
 
တရားမျှတမှုကို ဆောင်ကျဉ်းပေးဖို့နဲ့ ညှိနှိုင်းထားတဲ့လူသားချင်း စာနာထောက်ထားမှုဆိုင်ရာင်္စကြန်တွေကို ထားရှိနိုင်ရေး၊ ထိုနေရာများတွင် ပိတ်ပင်တားဆီးခြင်းမရှိဘဲ နယ်စပ်ဖြတ်ကျော်ကာ ဒါမှမဟုတ် နိုင်ငံတွင်း အဓိကကျသော နေရာများမှတဆင့် အကူအညီပေးရေး အဖွဲ့အစည်းများအနေဖြင့် အလိုအပ်ဆုံးဖြစ်သောနေရာများကို သွားရောက်ပံ့ပိုးခွင့်ရရေးအတွက် တိုက်တွန်းထားပါသေးတယ်။
 
ဒါ့အပြင် ပြည်သူလူထုတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတဲ့ တိုက်ခိုက်မှုတွေဟာ လူ့သားထုအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုဖြစ်တဲ့အတွက် ပြည်သူများအတွက် တရားမျှတမှု ရရှိစေကာ မြန်မာစစ်တပ်ကို ၎င်းတို့ရဲ့ကျူးလွန်မှုအတွက် တာဝန်ခံစေရမယ်လို့လည်း ပဒိုစောလှထွန်းက ဆက်ပြောပါတယ်။
 
စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်အတွင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပေါင်း (၇၅၈၇)ကြိမ်ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူလူထုပေါင်း (၃၆၅၁၈၇)ဦး ထက်မနည်းက အိုးအိမ်များ စွန့်ခွာပြီး အသက်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီက “ ဖြတ်လေးဖြတ်” နည်းဗျူဟာကို အသုံးပြုပြီးတော့ ဒီမိုကရေစီအရေး လှုပ်ရှားသူများသာမက ပြည်သူလူထုတွေပါမကျန် တိုက်ခိုက်ဖြိုခွင်းခဲ့တယ်လို့ KNU က ဆိုပါတယ်။
 
အဲဒီမှာဆိုရင် အတင်းအဓမ္မခိုင်းစေခြင်း၊ အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဖမ်းဆီးငွေတောင်းခံခြင်း၊ အရပ်သားတွေကို လူသားဒိုင်းအဖြစ်အသုံးပြုခြင်း၊ ပြည်သူလူထုတွေရဲ့ နေအိမ်ကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူပိုင်ပစ္စည်းဥစ္စာများအား ခိုးယူခြင်းများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးအစားပေါင်း ၁၉ မျိုးကို ကျူးလွန်ခဲ့ပါတယ်လို့ ဆိုထားပါတယ်။
 
အလားတူ အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ ပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းကနေ (၂၃၀)ကြိမ် တိုက်ခိုက်ခဲ့ရာ လူနေအိမ်ပေါင်း (၁၈၃)လုံးပျက်စီးခဲ့တဲ့အပြင် ပြည်သူလူထု ၂၂ ဦးခန့်လည်း အသက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
 
ထို့အတူ စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီး (၇၅၈)ကြိမ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လူနေအိမ် (၂၂၇)လုံး ပျက်စီးခဲ့ရပြီး ပြည်သူလူထု ၁၂၀ ဦးခန့်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
အစီရင်ခံစာမှာဆိုရင် စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကော်သူလေးအုပ်ချုပ်နယ်မြေအတွင်းရှိ ခရိုင်/မြို့နယ်၊ ကျေးရွာအုပ်စုအဆင့် ကေအဲန်ယူအရှိ၊ ဝန်ထမ်းတွေက ပေးပို့လာတဲ့ အချက်အလက်များ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗဟိုဌာနချုပ်ရဲ့ နေ့စဉ်ပြုစုတဲ့ မှတ်တမ်းအချက်အလက်တွေ၊ ကရင့်အရပ်ဖက်အဖွဲ့အစည်းတွေကနေ ပေးပို့လာတဲ့ သတင်းအချက်အလက်များနဲ့တကွ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရတဲ့ ဒေသခံပြည်သူလူထုတွေက ဖြေဆိုထားတဲ့ အင်တာဗျူးတွေမှ ရရှိလာတဲ့ သက်သေအထောက်အထားတွေအပေါ် အခြေခံ၍ ရေးသားပြုစုထားတာဖြစ်တယ်လို့ KNU က ဆိုပါတယ်။
 
၂၀၂၁ခုနှစ် စစ်အာဏာသိမ်းချိန်ကနေ လူပေါင်း ၁ ဒဿမ ၇ သန်းဝန်းကျင်စစ်ရှောင်နေရသလို အိမ်ခြေပေါင်း ၆၀၄၅၉ လုံး မီးရှို့ဖျက်ဆီးခံထားရပါတယ်။ နိုင်ငံလူဦးရေ သုံးပုံတပုံဖြစ်တဲ့ လူပေါင်း ၁၇ သန်းဝန်းကျင်ဟာ လူသားချင်းစာနာမှုအကူအညီလိုအပ်နေတယ်လို့ ကုလအေဂျင်စီတွေက ထုတ်ပြန်ထားပါတယ်။
 
စစ်ကောင်စီဟာ လူပေါင်း ၁၇၃၃၆ဦးကို ဖမ်းဆီးထားပြီး လူပေါင်း ၃၂၁၁ဦးလည်း သေဆုံးထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – Social Media