ပုလဲနယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ဆယ်ဦးသေဆုံး ၊ဆယ်တန်းကျောင်းသားတဦးကိုဖမ်းဆီး

ဧပြီ၊ ၅

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ထဲမှာစစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ ဧပြီ ၂ ရက်နဲ့ ၃ ရက်မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
“၂ ရက်နေ့က မင်းတိုင်ပင်မှာ တပ်စွဲဖို့ လုံခြုံအောင်ဆိုပြီး ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်သား၂ယောက်နဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်တာ၊ သူတို့ ၂ ယောက်သေတယ်။ လက်နက်M A 3 နှစ်လက်ရခဲ့တယ် ” လို့ ပုလဲမြို့က ဒေသတွင်းသတင်းတွေကို ဖော်ပြပေးနေတဲ့ Pale Entertainment ကနေသူရိန်က DNA ကို ပြောပါတယ်။
 
ဒါ့အပြင် Pale Joker အဖွဲ့ကလည်း ဧပြီ ၂ ရက် နေ့လည် ၁၁ နာရီအချိန်မှာ မင်းတိုင်ပင်ရွာအဝင်မှာ ပဒေသာမိုင်း ၈ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ၂ ဘက်တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများတယ်လို့ သိရပါတယ်။
 
ကြောင်သန်းကျေးရွာမှာ ညအိပ်တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ ဧပြီ ၂ ရက်၊ မနက် ၈ နာရီအချိန်မှာ ငှက်ပျောတော တောင်ရွာနဲ့ မြောက်ရွာကို ဝင်ရောက်စီးနင်းပြီး ၁၇ နှစ်အရွယ် ၁၀ တန်းကျောင်းသားတဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
 
“ ကြောင်သန်းရွာကနေ စစ်ကြောင်းထွက်လာတော့ ဇီးဖြူကုန်းက ပျူစောထီးတွေက စစ်ကြောင်းထိုးချိန်ကိုအမှီ ချိတ်ပြီး လှည်းတွေနဲ့ ပြည်သူတွေပစ္စည်းတွေကို လာတိုက်သွားတာ ။၂ ရွာလုံးကို မွှေနှောက်သွားပြီး ၁၀ တန်းကျောင်းသားလေးကိုပါ ဖမ်းသွားတယ်လို့ “ သူက ဆိုပါတယ်။
 
ဧပြီ ၃ ရက်၊ မနက် ၉ နာရီအချိန်မှာ စစ်ကောင်စီတပ်တွေဟာ ဖမ်းဆီး‌ခေါ်ဆောင်သွားတဲ့ ၁၇ နှစ်အရွယ် ၁၀ တန်းကျောင်းသား မောင်အောင်အောင်ဦးကို သူတို့သွားတဲ့ စစ်ကြောင်းတလျောက်ကို ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ မင်းတိုင်ပင်ရွာအနောက်ခြမ်းကို ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ထပ်မံမိုင်းဆွဲခဲ့တာကြောင့် ၃ဦးထပ်မံသေဆုံးခဲ့ပါတယ်။
 
ဒါ့အပြင်စစ်ကောင်စီတပ်တွေဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး သေဆုံးခဲ့တဲ့ တပ်သားတွေကို အရေအတွက်ခန်မှန်းလို့မရအောင် တာယာတွေနဲ့ပုံပြီး မင်းတိုင်ပင်စာသင်ကျောင်းကြားထဲမှာ မီးရှို့ခဲ့တယ်လို့လည်း သိရပါတယ်။ စစ်ကောင်စီတပ်အကျအဆုံးနဲ့ပတ်သတ်ပြီး DNA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
အဆိုပါပျူစောထီးအဖွဲ့ဝင်တွေဟာ ဆန် ၊ ဆီ နဲ့အိမ်တွင်းပစ္စည်းတွေစတဲ့ယူလို့ရတဲ့ပစ္စည်းတွေမှန်သမျှကို သယ်ဆောင်သွားခဲ့ပြီး ဒေသခံတွေရဲ့လှည်း၊ နွားနဲ့ ဆိုင်ကယ်တွေကိုပါ ယူသွားခဲ့တယ်လို့ သိရပါတယ်။
 
စစ်ကောင်စီတပ်တွေဟာ ငှက်ပျောတောကျေးရွာကနေ မင်းတိုင်ပင်ကျေးရွာကို ဆက်လက်စစ်ကြောင်းထိုးခဲ့ပြီး လက်နက်ကြီးတွေနဲ့ လူနေအိမ်တွေကို ပစ်ခတ်ခဲ့တာကြောင့် ကျောက်ဖျာကန်ရွာက အရပ်သားတွေရဲ့အိမ်တွေပေါ်မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
 
“ ၆၀ မမ ၅ လုံးနဲ့ ထုတာ၊ ၄ လုံးက ပေါက်ကွဲတယ်။ ၁လုံးကတော့ မပေါက်ကွဲသေးဘူး။ အိမ်တွေတော့ ပျက်စီးတာပေါ့၊ အိမ်တအိမ်က ဆန်စက်ပေါ်ကို ကျတာ “ လို့ ကိုနေသူရိန်က ပြောပါတယ်။
 
လက်ရှိမှာ ဧပြီ ၁ ရက်နေ့ကစတင်ပြီး ပုလဲမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အင်အား ၁၀၀ ပါတဲ့ စစ်ကောင်စီတပ်တွေဟာ ပုလဲမြို့နယ်က ပျူစောထီးအားကောင်းတဲ့ ဇီးဖြူကုန်းကျေးရွာမှာ တပ်စွဲနေတယ်လို့လည်း သိရပါတယ်။
 
စစ်ကောင်စီက တနိုင်ငံလုံးမှာ မြို့နယ် ၄၇ မြို့ကို စစ်အုပ်ချုပ်ရေးကြေညာထားပြီး စစ်ကိုင်းတိုင်းက ၁၄မြို့နယ်ပါဝင်ပါတယ်။ စစ်ရှောင် ၁ ဒဿမ ၇ သန်း ဝန်းကျင်မှာ စစ်ကိုင်းက ရှစ်သိန်နီးပါး ပါဝင်ပြီး မီးရှို့ခံရတဲ့အိမ်ခြေပေါင်း ၆၀၄၅၉ လုံး အနက် စစ်ကိုင်းက ၄၇၇၇၈ လုံး ပါဝင်နေတာပါ။ 
ဓာတ်ပုံ – Pale Entertainment