ဧပြီ၊ ၅
ရခိုင်လူမျိုးဂီတပညာရှင်တဦးဖြစ်တဲ့ ဦးစောနုဟာ ရန်ကုန်မြို့၊ မြောက်ဥက္ကလာဆေးရုံကြီးမှာ မနေ့က ည ၇ နာရီဝန်းကျင်က အသည်းရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ မိသားစုဝင်တွေက DNA ကိုပြောပါတယ်။
အသက် ၇၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝါရင့်ဂီတပညာရှင် ဦးစောနုဟာ အသည်းခြောက်ရောဂါကို သုံးလထက်မနည်း ကုသမှုခံယူနေရင်းက ကွယ်လွန်သွားခဲ့တာလို့ သားဖြစ်သူက ပြောပါတယ်။
” အဖေက အသည်းမကောင်းတာ၊ မြောက်ဥက္ကလာဆေးရုံမှာ ကုနေရင်းကပဲ အခုလို ဆုံးသွားတာပေါ့၊ မနေ့က ည ၇ နာရီလောက်ပဲ ဆုံးသွားတာ၊ ရန်ကုန်နေအိမ်ကနေပဲ မြောက်ဥက္ကလာ ဝေဘာဂီက သီတာဆောင်မှာ ဆေးကုသရင်းကပဲ ဆုံးပါးသွားတာပါ၊ အသုဘချမယ့်ရက်ကတော့ ၆ ရက်နေ့ဖြစ်ပါတယ်၊ အားလုံးကို ကျွန်တော်လူမှုကွန်ယက်စာမျက်နှာကနေ အသိပေးပါမယ် ” လို့ သူကပြောပါတယ်။
ဆရာဦးစောနုဟာ မြန်မာပြည်က နာမည်ကျော်အဆိုတော်တွေဖြစ်တဲ့ စည်သူလွင် ၊ တင်ဇာမော် ၊ ဟယ်ရီလင်း စတဲ့ ထိပ်တန်းအဆိုတော်တွေအပါအဝင် မြတ်ခိုင်ကျော် ၊ ဝင်းကိုခိုင် စတဲ့ နာမည်ကြီး ရခိုင်အဆိုတော်တွေကို မွေးထုတ်ပေးခဲ့သူလည်း ဖြစ်တယ်လို့ ရခိုင်စာရေးဆရာ အောင်ကြည်မိုးက ဖော်ပြထားပါတယ်။
ဆရာဦးစောနုရဲ့ ရောဂါအခြေအနေကို စတင်သိရှိချိန်မှာ စိတ်မကောင်းဖြစ်ခဲ့ရပေမယ့် မကွယ်လွန်မီမှာ ကူညီပေးခွင့်နဲ့ ဆေးဝါးကုသပေးခွင့်တွေ ရခဲ့တယ်လို့ ဆရာဦးစောနုရဲ့တပည့်တဦးဖြစ်တဲ့ အဆိုတော် တင်ဇာမော်က DNA ကိုပြောပါတယ်။
” အစ်မအနေနဲ့ ဆရာမဆုံးခင် အသည်းအသန်ဖြစ်နေစဉ်မှာ ဆရာ့ကို အစ်မနိုင်သလောက်ဆေးကုပေး၊ မေတ္တာပြပေးလိုက်နိုင်တာမို့ ဆရာ ကျေနပ်ဝမ်းသာလို့ အစ်မမှာ ကိုယ့်ဆရာကို မစောင့်ရှောက်လိုက်ရလေခြင်းဆိုတဲ့ နောင်တမရှိ၊ ဆရာကောင်းရာဘုံဘဝကို ကူးပြောင်းရောက်ရှိပါစေလို့ ဆုတောင်းပြီး ကောင်းမှုကုသိုလ်ဆက်လုပ်ပေးမှာပါ၊ အသက်ရှိတိုင်း သေမျိုးမို့ ကိုယ်လည်း အဲ့ဒီတနေ့စောင့်ရင်း သံသရာခရီးဆက်ရဦးမယ်လို့ အမှတ်တရား မပြတ်ထားပါတယ် ” လို့ သူကပြောပါတယ်။
ဆရာဦးစောနုဟာ မျိုးဆက်သစ် အဆို တော်တွေကို မွေးထုတ်ပေးတဲ့အနေနဲ့ မကွယ်လွန်မီ ကျန်းမာရေးကောင်းနေချိန်အထိ ရန်ကုန်၊ မန္တလေး၊ ပုဏ္ဏားကျွန်း စတဲ့ အနယ်နယ်အရပ်ရပ်မှာလည်း အဆိုပညာရပ်သင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။
ဦးစောနုဟာ ကျောက်ဖြူမြို့၊ မဒေးကျွန်း၊ ပြိန်းချောင်းကျေးရွာဇာတိဖြစ်ပြီး ဆိုဗီယက်ပြည် ထောင်စု (လက်ရှိရုရှားနိုင်ငံ)ရှိ ဂီတကျောင်းမှာ ၁၉၆၅ခု နှစ်ကနေ ၁၉၇၁ ခုနှစ်အထိ ဂီတပညာကို သင်ယူတတ်မြောက်ခဲ့ပြီး Dip in Music (USSR), Bachelor Of Music ဘွဲ့ကို OBOE လေမှုတ်တူရိယာ အဓိက မေဂျာနဲ့ ရရှိခဲ့ပြီး ပြည်တွင်းမှာ အဆိုနည်းပြအဖြစ်ရပ်တည်ခဲ့ပါတယ်။
ဓာတ်ပုံ – Google