ကွင်းလယ်ဒိုင်ကို ကိုယ်ထိလက်ရောက် တွန်းထိုးခဲ့တဲ့ ဖူလ်ဟမ် တိုက်စစ်မှူး ရှစ်ပွဲပယ် ပြစ်ဒဏ်ထိ

ဧပြီ၊ ၅

ကွင်းလယ်ဒိုင်ကို ကိုယ်ထိလက်ရောက် ရန်မူပြီး တွန်းထိုးခဲ့တဲ့ ဖူလ်ဟမ် တိုက်စစ်မှူး အလက်ဇန္ဒား မီထရိုဗစ်ဟာ ၈ ပွဲပယ်ပြစ်ဒဏ် ချမှတ် ခံခဲ့ရပါတယ်။ 

အသက် ၂၈ နှစ်အရွယ် ဆာဘီးယား တိုက်စစ်မှူးဟာ အင်္ဂလန် အက်ဖ်အေ ရှုံးထွက်ဖလား ပွဲစဉ်အဖြစ် မတ်လ ၁၉ ရက်က မန်ချက်စတာ ယူနိုက်တက်ကို ၃-၁ နဲ့ အရေးနိမ့်တဲ့ပွဲမှာ ကွင်းလယ်ဒိုင် ခရစ္စ ကာဗာနက်ဂ်ကို ကိုယ်ထိလက်ရောက် တွန်းထိုးလို့ တိုက်ရိုက် အနီကတ် ထိခဲ့တာ ဖြစ်ပါတယ်။

ဖူလ်ဟမ်က ၁-၀ နဲ့ အနိုင်ရနေချိန်မှာ ကွင်းလယ်လူ ဝီလျံက ယူနိုက်တက်ရဲ့ ကန်သွင်းမှုကို လက်နဲ့ ပုတ်ထုတ်လို့ တိုက်ရိုက် အနီကတ်ထိပြီး ပင်နယ်တီ ပေးလိုက်ရတဲ့အပေါ် မီထရိုဗစ်က မကျေမနပ် ကန့်ကွက်ရင်း ကွင်းလယ်ဒိုင်ကို တွန်းထိုးခဲ့တာ ဖြစ်ပါတယ်။

ပုံမှန်ဆိုရင် တိုက်ရိုက် အနီကတ်ကြောင့် ၃ ပွဲပယ် ခံရမှာ ဖြစ်ပေမယ့် မီထရိုဗစ်ရဲ့ လုပ်ရပ်က စည်းကမ်းဘောင်တွေကို အလွန်အကျွံ ချိုးဖောက်ရာ ရောက်တာကြောင့် အခုလို ရှည်ရှည်လျားလျား ပွဲပယ် ခံခဲ့ရတာပါ။ သူဟာ ဘွန်းမောက်သ်ကို ၂-၁ နဲ့ အရေးနိမ့်တဲ့ပွဲမှာ ပွဲပယ် ပြစ်ဒဏ်ကို စတင် ကျခံရပြီး နောက်ထပ် ပရီးမီးယားလိဂ် ၇ ပွဲနဲ့ လွဲတော့မှာ ဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ ပွဲမှာ မီထရိုဗစ်နဲ့ ဝီလျံတို့အပြင် အသင်းမန်နေဂျာ မာကို ဆေးလ်ဗားပါ အနီကတ် ထိခဲ့တာကြောင့် ဖူလ်ဟမ်ဟာ တပွဲတည်း ၃ ယောက် ထုတ်ပယ် ခံရတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

မီထရိုဗစ်ဟာ စတာလင်ပေါင် ၇၅၀၀၀ ကိုလည်း ဒဏ်ကြေး တပ်အရိုက်ခံခဲ့ရပါသေးတယ်။ ကာယကံရှင် ကစားသမားက သူ့လုပ်ရပ်ဟာ ကျင့်ဝတ်နဲ့ မလျော်ညီဘဲ ကြမ်းတမ်းခဲ့တယ် ဆိုတာကို ဝန်ခံပေမယ့် ခြိမ်းခြောက်မှုနဲ့ စော်ကားမှု မြောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုတော့ ငြင်းဆိုထားပါတယ်။

ကစားသမား နှစ်ဦးနဲ့ မန်နေဂျာတို့ အပြိုင် ထုတ်ပယ်ခံရမှုအတွက် လန်ဒန်ကလပ် ဖူလ်ဟမ်ကလည်း သီးခြား ဒဏ်ငွေ တပ်အရိုက်ခံရကြောင်း သိရပါတယ်။

Ref: Sky Sports