သုဝဏ္ဏ အားကစားကွင်းရှေ့မှာ ကားမှောက်လို့ နှစ်ဦးသေဆုံး၊ တဦးပြင်းထန်ဒဏ်ရာရ

ဧပြီ၊ ၄

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တလမ်းမကြီးပေါ် သုဝဏ္ဏအားကစားကွင်းရှေ့မှာ အိမ်စီးကားတစီး လမ်းဘေးအုတ်ခုံကိုတိုက်မိပြီး တိမ်းမှောက်ရာက ကားပေါ်ပါသူ အမျိုးသားနှစ်ဦး သေဆုံးကာ အမျိုးသမီးတဦး ဒဏ်ရာရသွားတယ်လို့ ဖြစ်စဉ်ကိုကူညီပေးခဲ့တဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
 
ဝေဇယန္တလမ်းမကြီးပေါ်မောင်းနှင်လာတဲ့ အိမ်စီးကား (Honda Fit)ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးအုတ်ခုံကို ဝင်တိုက်မိရာက တိမ်းမှောက်ပြီး ကားပေါ်မှာပါလာသူတွေ သေဆုံး၊ ထိခိုက်မှုရှိခဲ့ကြတာလို့ ဖြစ်စဉ်ကိုကူညီပေးခဲ့တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် လူမှုကယ်ဆယ်ရေးအသင်းတာဝန်ရှိသူက DNA ကိုပြောပါတယ်။
 
” ဆေးရုံအရောက်မှာပဲ သေဆုံးတယ်လို့ မိတ်ဖက်အသင်းတွေထံကတဆင့် သိရတယ် ” လို့ သူကပြောပါတယ်။
 
ယာဉ်မတော်တဆမှုကြောင့် CUBA Bar မှာ DJ တီးတဲ့ ကိုနောင်နော်နဲ့ ကိုမိုးယံတို့ သေဆုံးခဲ့တာဖြစ်ပြီး ကားပေါ် မှာ အတူလိုက်ပါလာတဲ့ အမျိုးသမီးတဦးကတော့ စိုးရိမ်ရဒဏ်ရာတွေ ရထားတယ်လို့ နီးစပ်သူတဦးက ပြောပါတယ်။
 
“ ဒီနေ့က အလုပ်နောက်ကျတာ၊ ၁၁နာရီကျော်မှ အလုပ်က ပြန်ရတော့ အိမ်အမြန်ရောက်အောင်မောင်းမိတာဖြစ်မယ်၊ ၁၂နာရီကျော်လို့ လမ်းပေါ်မှာရှိနေရင်လည်း အဖမ်းခံရနိုင်လို့ အခုလိုဖြစ်သွားတာ ” လို့ သေဆုံးသူတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဓာတ်ပုံ – မင်္ဂလာတောင်ညွန့်လူမှုကူညီရေးအသင်း