မန္တလေး ဒုမြို့တော်ဝန်ဟောင်းရဲ့အကိုဖြစ်သူ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံး

ဧပြီ၊ ၃
 
စစ်ကောင်စီခန့် မန္တလေးမြို့ဒုမြို့တော်ဝန်ဟောင်းရဲ့အကိုတော်စပ်ပြီး လက်ရှိ ပြည်ကြီးတံခွန်မြို့နယ် (ဆ) ရပ် ကွက်အုပ်ချုပ်ရေးမှူးလည်းဖြစ်တဲ့ ဦးစိုးမင်းဟန်ဟာ ဒီကနေ့မနက်ပိုင်းမှာ ပစ်ခတ်ခံရပြီးနေရာမှာပဲ သေဆုံးသွားတယ်လို့ ပြည်ကြီးတံခွန်မြို့ခံတဦးက DNA ကိုပြောပါတယ်။
 
” သူတို့ပိုင်တဲ့ လန်ဒန်ဆေးခန်းဘက်ကို သူ့တူနဲ့အတူ လမ်းလျှောက်ထွက်လာကြတာ၊ ဆိုင်ကယ်နှစ်စီးနဲ့ လူလေးယောက်က သေနတ်တွေနဲ့ ပစ်သွားကြတာ၊ အချက်ရေများတယ်၊ သူ့တူကတော့ မသေဘူး၊ ဆေးရုံတော့ တင်ထားရတယ် ” လို့ သူကပြောပါတယ်။
 
ပြည်ကြီးတံခွန်မြို့နယ် (ဆ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းဟန်ကို ဒီကနေ့ ဧပြီ ၃ ရက် မနက်ပိုင်းက သေနတ်နဲ့ ၁၁ ချက်ပစ်ခတ်ခဲ့တယ်လို့ မန္တလေးအခြေစိုက် အောင်စည်တော်စစ်ဆင်ရေးအဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။
 
ပစ်ခတ်ခံရတဲ့ ဦးစိုးမင်းဟန်ဟာ မန္တလေးမှာ ကျူးကျော်လို့ဆိုကာ နေအိမ်တွေဖျက်သိမ်းရာမှာ ဦးဆောင်ပါဝင်ခဲ့သူတဦးဖြစ်သလို စစ်ကောင်စီနဲ့ စီးပွားရေးအရ ပတ်သက်မှုရှိနေသူလည်း ဖြစ်တယ်လို့ အဲ့ဒီအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဒါ့အပြင် ဦးစိုးမင်းဟန်ကို ပစ်ခတ်မှုလုပ်ချိန်မှာ ဝင်ရောက်တားဆီးသူကိုလည်း လုံခြုံရေးအရ ထပ်မံပစ်ခတ် ကာကွယ်ခဲ့တယ်လို့ ဆိုပါတယ်။အောင်စည်တော်စစ်ဆင်ရေးအဖွဲ့ကို DNA ကဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရသေးပါဘူး။
 
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းဟန်ဟာ ပြည်ကြီးတံခွန်မြို့နယ် (ဆ)ရပ်ကွက် ၁၃၁ လမ်းနဲ့ ၅၈ လမ်း ထောင့်က သူပိုင်ဆိုင်တဲ့ ပုဂ္ဂလိကဆေးခန်းအနီးမှာ ပစ်ခတ်ခံရတာဖြစ်ပြီး တူဖြစ်သူ မျိုးဆန်းဦးကတော့ ပြင်းထန်ဒဏ်ရာရခဲ့လို့ မန္တလေးဆေးရုံကြီးမှာ တက်ရောက်ကုသနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
 
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက မန္တလေး ဒုမြို့တော်ဝန်အဖြစ် ခန့်အပ်ခဲ့တဲ့ ဦးစောဟန်ဟာ အခုပစ်ခတ်ခံရတဲ့ ဦးစိုးမင်းဟန်ရဲ့ ညီတော်စပ်သူဖြစ်တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
 
စစ်ကောင်စီက ဒုမြို့တော်ဝန်အဖြစ် ခန့်အပ်ခဲ့တဲ့ ဦးစောဟန်ကတော့ အာဏာသိမ်းပြီးနောက် ခုနစ်လဝန်းကျင်အကြာမှာ ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – အောင်စည်တော်