ပေါင်းတည် မြို့မရဲစခန်းမှူးအပါအဝင် ရဲတွေမိုင်းဆွဲခံရပြီး သုံးဦးဒဏ်ရာရ

ဧပြီ၊ ၃
 
ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် ပေါင်းတည်မြို့နယ်မှာ ရဲစခန်းမှူးအပါအဝင် ဆိုင်ကယ်နဲ့လာနေကြတဲ့ ရဲခုနစ်ဦး မိုင်းဆွဲတိုက်ခိုက်ခံရပြီး သုံးဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေနဲ့ ပဲခူးတိုင်း PDF တို့ဆီက သိရပါတယ်။
 
” စခန်းမှူးပါထိတာလို့ ကြားတယ်၊ သူ့ကိုတော့ အရင် ကားနဲ့တင်သွားတယ်၊ နယ်ထိန်းနဲ့ တပ်သားကိုတော့ နောက်မှ လာခေါ်တယ်၊ အတွင်းသတင်းအရ သုံးယောက်လုံး အတော်ထိထားတယ်၊ အခြေအနေမကောင်းဘူး၊ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ပြောတယ် ” လို့ သရက်ချဉ် ရွာခံတဦး DNA ကိုပြောပါတယ်။
 
ပေါင်းတည်မြို့နယ်၊ တောင်ပို့လှကျေးရွာအုပ်စု သရက်ချဉ်ရွာဘုရားပွဲမှ ပြန်လာတဲ့ရဲတွေကို ဧပြီ (၂)ရက် မနေ့က ညကိုးနာရီဝန်းကျင်မှာ နတ်ပုတီးရွာနဲ့ သရက်ချဉ်ရွာကြားမှာ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပဲခူးတိုင်း PDF ကထုတ်ပြန်ထားပါတယ်။
 
ပေါင်းတည်မြို့မရဲစခန်းက စခန်းမှူးအပါအဝင် ရဲခုနစ်ဦးဟာ သရက်ချဉ်ရွာဘုရားပွဲမှာလုပ်တဲ့ လောင်းကစားဝိုင်းတွေဆီက ဆက်ကြေးကောက်ကာ ဆိုင်ကယ်ငါးစီးနဲ့ ပြန်လာနေချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
 
” သူတို့က လောင်းကစားဝိုင်းရှိတဲ့နေရာတွေဆို ဆက်ကြေးလာကောက်နေကျ၊ သတင်းလည်း အတိအကျရလို့ စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ၊ တယောက်တော့ ကားနဲ့တန်းတင်သွားတယ်၊ နောက်ဆက်တွဲအခြေအနေ သတင်းကိုလည်း စုံစမ်းနေပါတယ် ” လို့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
 
အဲ့ဒီတိုက်ခိုက်ခံရမှုမှာ ထိခိုက်ဒဏ်ရာရခဲ့သူတဦးကို ရွှေတောင်မြို့နယ် စစ်ဆေးရုံကို ညတွင်းချင်း ပို့ဆောင်ခဲ့ပြီး ကျန်နှစ်ဦးကိုတော့ ပေါင်းတည်ဆေးရုံကြီးမှာ ကုသနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
 
ပေါင်းတည်မြို့နယ်ဟာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေထဲက တခုဖြစ်ပြီး ပဲခူးရိုးမနဲ့ ထိစပ်နေတာကြောင့် စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲဖြစ်တာနဲ့ စစ်ကောင်စီ လက်အောက်ခံတွေ ပစ်ခတ်ခံရတာတွေ မကြာမကြာဖြစ်လေ့ရှိပါတယ်။
ဓာတ်ပုံ – Google