ရွှေဘိုတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို PRF တိုက်ခိုက်၊ စစ်ကောင်စီခြောက်ဦးသေ၊ ပီဒီအက်ဖ် နှစ်ဦးကျဆုံး

 

ဧပြီ ၊ ၃
 
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ ရွှေဘိုတက္ကသိုလ်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို မနေ့က နေ့လည်ပိုင်းက ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဖက်မှ ၆ ဦးသေဆုံးပြီး၊ PRF မှ ရဲဘော်တဦးနဲ့ မိတ်ဖက်အဖွဲ့အစည်းမှ ရဲဘော်တဦးလည်း ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
 
ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ရွှေဘိုတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဂိတ်ကို ကားနဲ့ လာတိုက်ခိုက်ပြီး တိုက်ပွဲအပြီးအပြန်မှာ စစ်ကောင်စီဖက်က ပစ်ခတ်မှုကြောင့် နှစ်ဦးကျဆုံးသွားတာပါ။
 
” ပြန်အဆုတ်မှာ ကားပေါ်ရောက်မှ ကားမှန်ကို ကျည်ဖောက်ဝင်ပြီး ခေါင်းကိုထိတာ။ ကျွန်တော်တို့ ဆေးရုံပို့သေးတယ်။ လမ်းမှာပဲ ကျသွားတာပါ။ စစ်ကြောင်းကလဲ ဒီဖက်မှာ လှုပ်နေတော့ ဒီနေ့ပဲ သဂြိုလ်လိုက်ရပါတယ်။ ပခုက္ကူလှုပ်ရှားစစ်ဒေသမှာလည်း ဝမ်းနည်းခြင်းအထိမ်းအမှတ် လုပ်ခဲ့ကြပါတယ် ” လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)မှ ပြန်ကြားရေးတာဝန်ခံ ကိုညီညီဇင်က DNA ကိုပြောပါတယ်။
 
ကျဆုံးသွားတဲ့ ရဲဘော်နှစ်ဦးထဲက တဦးကတော့ ပခုက္ကူမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ဒုဥက္ကဌဟောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရဲဘော်ဝဿန်ဖြစ်ပြီး ဦးခေါင်းကျည်ထိမှန်ဒါဏ်ရာနဲ့ ကျဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
 
ရဲဘော်ဝဿန်ဟာ ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF ရဲ့ပခုက္ကူလှုပ်ရှားစစ်ဒေသ၊ ဝက်လက်လှုပ်ရှားစစ်ဒေသများတွင် တနှစ်ခွဲခန့်ကြာအောင် တာဝန်ထမ်းဆောင်အပြီး ကျဆုံးချိန်မှာတော့ အသက် ၂၀ ဝန်းကျင်သာ ရှိခဲ့တယ်လို့ သိရပါတယ်။
 
” အခုစစ်ကောင်စီနဲ့ ကျွန်တော်တို့တွေက လက်နက်ကြီးတကမ်းမှာ တပ်စွဲပြီး တိုက်ပွဲဖော်ရတာဆိုတော့၊ ပျူရွာတွေလောက်ပဲ၊ ကျန်တဲ့ဒေသခံတွေကတော့ စစ်ကိုင်းမှာ ပြေးနေကြရတာများတယ်။ ဝက်လက်အနောက်ပိုင်းဆို ခုချိန်အထိ ဒီကောင်တွေ စစ်ကြောင်းထိုးနေတုန်း၊ အဲ့ဖက်ကရွာတွေလဲ အများကြီး ပြေးနေရတယ်။ ရွှေဘိုမှာတော့ မနေ့က တိုက်ပွဲပြီးထဲက ဘာသတင်းမှ မကြားသေးဘူး ” လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ထပ်ပြောပါတယ်။
 
အဲ့ဒီတိုက်ပွဲကို ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF အပါဝင် ShweBo Dhuwun (PLA)၊ Burma Ranger (Shwe Bo)၊ X-Force LPDF ShweBo၊ ရွှေတောသားပြောက်ကျားတပ်ဖွဲ့တို့နှင့်ပူးပေါင်းပြီး ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ရာထူးအဆင့်တွေကို ဆက်လက်အတည်ပြုဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
 
အခုတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဟာ ရွှေဘိုတက္ကသိုလ်ရှေ့မှာ ဂိတ်ချပြီး ဒေသခံပြည်သူတွေဆီက အဓမ္မပိုက်ဆံတောင်းတာ၊ ဖြတ်သွားဖြတ်လာကားတွေဆီမှာ ဆက်ကြေးတောင်းတာတွေ ပြုလုပ်နေတဲ့တပ်ဖြစ်ပြီးတော့ ရွှေဘိုမှာ မာရှယ်လောစထုတ်ချိန်ကစပြီး အထိုင်ချတပ်စွဲထားတာလို့ သိရပါတယ်။
ဓာတ်ပုံ – PRF