ဧပြီ၊ ၃
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်းမှာ အငှားယာဥ်တွေအနေနဲ့ပြေးဆွဲမယ်ဆိုရင် Grab ကုမ္ပဏီနဲ့ချိတ်ဆက်ပြီးမှသာ ပြေးဆွဲခွင့်ပြုမှာဖြစ်ပြီး လက်ရှိလေဆိပ်အတွင်းပြေးဆွဲနေတဲ့ အငှားယာဥ်တွေကိုလည်း ဆက်ပြီးပြေးဆွဲမယ်ဆိုပါက Grabကုမ္ပဏီနဲ့ချိတ်ဆက်ဖို့ စစ်ကောင်စီဖက် က ဖိအားပေးနေတယ်လို့ အငှားယာဥ်မောင်းတွေက DNAကိုပြောပါတယ်။
“အဓိကက ဒီမှာဆွဲနေတဲ့ကားတွေ ဒီမှာဆက်ပြီးဆွဲချင်ရင် Grabနဲ့ချိတ်ဖို့ပေါ့။မချိတ်ရင် ပြည်ပထွက်ခွာတို့ ၊ဆိုက်ရောက်တို့ဘက်ကို မတက်ရဘူး။သူတို့အကြောင်းပြနေတာက လေဆိပ်လုံခြုံရေးနဲ့ ခရီးသည်လုံခြုံရေးအတွက်လုပ်တာလို့ပြောတယ်။ယာဥ်လိုင်းတွေကတော့ ညှိနှိုင်းဖို့ကြိုးစားနေတာပဲ။အခုထိတော့ ဘာမှမထူးခြားသေးဘူး”လို့ လေဆိပ်ဝင်းအတွင်းပြေးဆွဲနေတဲ့ အငှားယာဥ်မောင်းတဦးက ပြောပါတယ်။
စစ်ကောင်စီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်းနဲ့ အဝင်လမ်း၊အထွက်လမ်းတွေကနေ အငှားယာဥ်တွေဝင်ရောက်လာတာကို ဒီကနေ့မနက်ပိုင်းက စတင်ပိတ်ပင်ခဲ့ပြီး ပုံမှန်လေဆိပ်မှာ ပြေးဆွဲနေတဲ့ အငှားယာဥ်တွေကိုလည်း ဒီကနေ့မနက်ပိုင်းကနေစတင်ပြီး ပြေးဆွဲခွင့်ကို ပိတ်ပင်ခဲ့တာလို့ ဆိုပါတယ်။
“ကျွန်တော်တို့က ပုံမှန်အတိုင်းပဲ မနက်က ဒီလေဆိပ်ထဲကိုဝင်ဖို့လာတာ။ဒါကို ဂိတ်ကနေစပြီး ပေးမဝင်တာ။ကျွန်တော်က ဒီမှာပုံမှန်ဆွဲနေတဲ့ကားပါ။ဘယ်ယာဥ်လိုင်းကပါလို့ပြောတဲ့အချိန်မှာ ဒီနေ့ကနေစပြီး အထဲပေးမဝင်တော့ဘူးလို့ အဲ့ဒိဂိတ်ကကောင်တွေက တားကြတာ။Grab တံဆိပ်ကပ်ထားတာမရှိရင် ပေးမဝင်တော့ဘူး။Grab ကားတွေပဲဝင်ခွင့်ပေးဖို့ မှာထားတယ်လို့ အဲ့ကောင်တွေကပြောတယ်”လို့ လေဆိပ်အတွင်းပြေးဆွဲနေတဲ့ အငှားယာဥ်မောင်းတဦးကပြောပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီက လေဆိပ်အတွင်းကို ခရီးသည်ပါမှ ဝင်ရောက်ခွင့်ပေးပြီး လေဆိပ်အတွင်းပြေးဆွဲနေတဲ့ အငှားယာဥ်ရပ်နားရာ ကားပါကင်ကိုလည်း ပိတ်ပင်ထားတယ်လို့သိရပါတယ်။
ရန်ကုန်လေဆိပ်မှာ ရွှေလွန်းပျံ၊ Flying swallow ၊၊ Royal Golden Brothers and friends နဲ့ Parami စတဲ့ အငှားယာဥ်လိုင်းတွေဟာ လေဆိပ်အတွင်းပုံမှန်ပြေးဆွဲနေခဲ့ရာကနေ လက်ရှိမှာ စစ်ကောင်စီက Grab ကုမ္ပဏီယာဥ်တွေကိုသာပြေးဆွဲခွင့်ပေးတာကြောင့် ယာဥ်မောင်းတွေအနေနဲ့အခက်အခဲတွေဖြစ်နေတယ်လို့ ဆိုပါတယ်။
Yangon International Airport လူမှုကွန်ရက်Facebook စာမျက်နှာမှာတော့ ဧပြီလ ၃ ရက် ဒီကနေ့စပြီး လေဆိပ်ဝန်ဆောင်မှုအသုံးပြုသူတွေအတွက် Grab Airport Taxi ဝန်ဆောင်မှုကို ဒီကနေ့စပြီး အသုံးပြုနိုင်ပြီလို့ ရေးသားဖော်ပြထားတာတွေ့ရပါတယ်။