သထုံနဲ့ရေးမြို့နယ် စစ်ကောင်စီတပ်နဲ့ BGFပစ်လို့ အရပ်သားငါးဦးဒဏ်ရာရ

ဧပြီ၊ ၃

မွန်ပြည်နယ်၊ သထုံနဲ့ရေးမြို့နယ်တွေမှာဧပြီ ၂ ရက်နေ့မှာ စစ်ကောင်စီတပ်တွေနဲ့BGFတပ်ကလက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်းအမှတ်(၉)မှ သထုံမြို့နယ် ချောင်းစောင့်ကျေးရွာထဲကို လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့တာကြောင့် အသက် ၁၇ နှစ်အရွယ်နဲ့ အသက် ၁၆ နှစ်အရွယ် အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ််။

ဒါ့အပြင်စစ်ကောင်စီလက်အောက်ခံနယ်ခြားစောင့်တပ် BGF မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝင်းဖုန်းကျေးရွာအနီးက လယ်ထဲကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၆၆ နှစ်အရွယ် အမျိုးသားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ သထုံဒေသခံတဦးက DNA ကို ပြောပါတယ်။

“ ချောင်းစောင့်ဘက်မှာ ဖြစ်သွားတာ။မနေ့က မနက်ပိုင်းပဲ လက်နက်ကြီးတွေ ပစ်တာ။ဘယ်သူရှိမလဲ ခမရတပ်ကပဲပေါ။သူတို့က ပစ်နေကျ။ရွာသား ၂ ယောက်တော့ ထိသွားတယ်။ ခြေထောက်တွေမှာပဲ ကျည်စတွေ ထိသွားတာ။ နောက်တယောက်ကတော့ BGF တွေ ပစ်တာ။ဝင်းဖုန်းရွာဘက်ကို ရွာပြင်နားမှာ စပါးရိတ်သိမ်းနေတဲ့ ဦးလေးတယောက် လက်မှာ ထိသွားတယ်။” ဟု ၎င်းက ပြောပါတယ်။

ဒါအပြင် ဧပြီ ၂ ရက် နံနက် ၅ နာရီကျော်ခန့်မှာလည်းရေးမြို့နယ် ၊မော့ကနင်ကျေးရွာ အဝေးပြေးကားလမ်းအနီးမှာ ရော်ဘာအစေခြစ်ဖို့ သွားတဲ့ လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက သေနက်နဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

ပစ်ခတ်ခံရတဲ့လူငယ်နှစ်ဦးဟာ ရောဘာအစေးခြစ်ဖို့ နေအိမ်ကနေ ဆိုင်ကယ်ဖြင့် ထွက်လာစဉ် မော့ကနင်းကျေးရွာအထွက်မှာ ရှိတဲ့ စစ်ကောင်စီတံတားဂိတ်ကနေ သေနတ်လှမ်းပစ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးပြောပါတယ်။

“ ကောင်လေးနှစ်ယောက်က မနက် ၅ နာရီကျော်လောက်မှာ ခြံထဲသွားဖို့၊ ဆိုင်ကယ်နဲ့ ထွက်သွားတာ။အဲဒါ ရွာအထွက်မှာပဲ စစ်သားတွေက တွေ့တော့ သေနတ်နဲ့ လှမ်းပစ်လိုက်တာ၊ အဲမှာ တံတားရှိတယ်။အဲနားမှာ ဂိတ်ထိုးထားတယ်။ အဲနေ့မှာပဲ မော်လမြိုင်ဆေးရုံကို တင်လိုက်ရတယ်၊ ပေါင်နဲ့ ခြေထောက်တွေမှာပဲ ဒဏ်ရာရသွားတာ။” ဟု ၎င်းက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ဒေသခံ ၅ ဦးကတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ မရှိဘူးလို့ ဆိုပါတယ်။

ဒါအပြင် မနေ့ နေ့လည်ပိုင်းကလည်း ရေးမြို့နယ် ၊အောင်သာယာကျေးရွာအနီးမှာ အမျိုးသားဦးကို အမည်မသိအဖွဲ့တခုက သေနတ်နဲ့ ပစ်ခတ်ထားပြီး အလောင်းကို လမ်းဘေးမှာ စွန့်ပစ်ထားတဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁ ရက်ကလည်း ရေးမြို့နယ် ၊ဘေးလမိုင်းကျေးရွာနဲ့ အေးကမ္ဘာကျေးရွာအကြားမှာ အိမ်စီးကားတစီးပစ်ခတ်ခံရတာ ကြောင့် အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

ရေးမြို့နယ်မှာဆိုရင် စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြားမှာ တိုက်ပွဲတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှု ရှိနေသလို စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်ချက်တွေကြောင့်လည်း အရပ်သားထိခိုက်မှုကလည်း ပိုမိုများပြားလာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။