ရွေးကောက်ပွဲမှာ အရေးနိမ့်သွားခဲ့တဲ့ ဖင်လန် ဝန်ကြီးချုပ် မာရင်

ဧပြီ၊ ၃

 နိုင်ငံတကာ အသိုက်အဝန်းမှာ လူချစ်လူခင်ပေါသူ တယောက်လို့ သတ်မှတ် ခံရတဲ့တိုင် ဖင်လန် ဝန်ကြီးချုပ် ဆန်နာ မာရင်ဟာ ပြည်တွင်းမှာတော့ လူကြိုက်အများဆုံး မဖြစ်တော့ပါဘူး။

 သူဟာ ဖင်လန်နိုင်ငံရဲ့ အကြိတ်အနယ် အရှိဆုံး ရွေးကောက်ပွဲ တခုမှာ အတိုက်အခံ အင်အားစုတွေကို ရှုံးနိမ့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ရွေးကောက်ပွဲဟာ နိုင်ငံရေး အင်အားစု ၃ ခုကြားက အပြင်းအထန် ပြိုင်ဆိုင်မှုမျိုး ဖြစ်ခဲ့ပါတယ်။

 စီးပွားရေး တိုးတက်မှုကို အဓိကထား မဲဆွဲခဲ့တဲ့ လက်ယာယိမ်း အမျိုးသား ညွန့်ပေါင်းပါတီ (NCP)က ရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အသာစီး ရထားကြောင်း ကြေညာပါတယ်။ လွှတ်တော်အမတ် နေရာ ၂၀၀ စာ ရှိတဲ့ထဲမှာ NCPက ၄၈ နေရာ အနိုင်ရခဲ့တာပါ။ NCPရဲ့နောက်မှာ ဖင်းစ်ပါတီက ၄၆ နေရာ၊ မာရင် ဦးဆောင်တဲ့ လက်ဝဲယိမ်း ဒီမိုကရက် ပါတီတို့က ၄၃ နေရာစီ အသီးသီး ရထားတယ်လို့ ရွေးကောက်ပွဲ အချက်အလက်တွေအရ သိရပါတယ်။

 NCP ခေါင်းဆောင် ပက်တာရီ အော်ပိုက အခုဆိုရင် သူတို့ပါတီဟာ ညွန့်ပေါင်း အစိုးရသစ်ဖွဲ့ဖို့ ဦးဆောင် အနေအထားကို ပိုင်ဆိုင်သွားပြီလို့ သတင်းထောက်တွေကို ပြောပါတယ်။ သူက ဖင်လန်နိုင်ငံနဲ့ စီးပွားရေး ကဏ္ဍတွေကို အလုံးစုံ မွမ်းမံ ပြုပြင်သွားမယ်လို့လည်း ဆိုပါတယ်။

 အသက် ၃၇ နှစ်အရွယ် မာရင်ဟာ ၂၀၁၉ ခုနှစ်က ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး အဲဒီအချိန်မှာ အသက်အငယ်ဆုံး ရွေးကောက်ခံ နိုင်ငံခေါင်းဆောင် အနေနဲ့ မှတ်တမ်း ဝင်ခဲ့ပါတယ်။ သူဟာ ကမ္ဘာတလွှားက တက်သစ်စ နိုင်ငံရေးသမားတွေရဲ့ စံပြု ပုဂ္ဂိုလ်တဦး ဖြစ်ခဲ့သလို ပရိသတ် အခိုင်အမာ ရခဲ့တဲ့တိုင် ပြည်တွင်းမှာတော့ သူ့ပါတီဟာ ပြည်သူ့ အခွန်တွေကို စီမံခန့်ခွဲတဲ့ မူဝါဒပိုင်း အားနည်းတယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့ အတော်လေး ရုန်းကန်နေရပါတယ်။

 အော်ပိုက သူဟာ လွှတ်တော်ထဲမှာ အင်အား အသာစီးနဲ့ အစိုးရမျိုး ဖွဲ့စည်းဖို့အတွက် ဖင်းပါတီ အပါအဝင် နိုင်ငံရေး အင်အားစုတိုင်းနဲ့ ဆွေးနွေးသွားမယ်လို့ ပြောကြားထားပါတယ်။ တဖက်မှာ​တော့ မာရင်ဟာ ရွေးကောက်ပွဲကြို ကာလတွေမှာ ကတည်းက ဖင်းပါတီကို ပြင်းပြင်းထန်ထန်​ ဝေဖန် ထိုးနှက်ဖူးတဲ့ အစိုင်အခဲတွေလည်း ရှိနေကြောင်း သိရပါတယ်။