နယူးကာဆယ်နဲ့ပွဲမှာ နိုင်ချင်စိတ် ပိုပြင်းပြတဲ့ အသင်းက အနိုင်ရသွားတာလို့ ရှောဝန်ခံ

ဧပြီ၊ ၃

နယူးကာဆယ် ယူနိုက်တက်ဟာ နိုင်လိုစိတ် ပိုပြင်းပြတဲ့အတွက် အနိုင်ရသွားတာ ဖြစ်တယ်လို့ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ လုခ်ရှောက ဝန်ခံခဲ့ပါတယ်။

 ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံး ၄ နေရာအတွက် အနီးကပ် ဖိအားပေး ပြိုင်ဆိုင်နေတဲ့ နယူးကာဆယ်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် တတိယ နေရာကနေ ဆင်းပေးခဲ့ရပြီး ပြိုင်ဘက်ဆီ လက်လွှဲပေးလိုက်ရပါတယ်။ ယူနိုက်တက်ဟာ လွန်ခဲ့တဲ့ တလကျော်က ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ နယူးကာဆယ်ကို တူညီတဲ့ ရလဒ်နဲ့ အနိုင်ယူပြီး ချန်ပီယံဖလား ဆွတ်ခူးခဲ့ပေမယ့် ဧပြီ ၂ ရက် ညပိုင်းက ပွဲစဉ်မှာတော့ အိမ်ရှင်တွေကို အစစ အရာရာ မယှဉ်သာဘဲ အရှုံးပေးခဲ့ရပါတယ်။

 အင်္ဂလန် လက်ရွေးစင် ဘယ်တောင်ပံ ခံစစ်မှူး ရှောက အသင်းနှစ်သင်း အရည်အသွေးချင်း ယှဉ်ပြီး နယူးကာဆယ်က အနိုင်ယူသွားတယ်လို့ သူမယုံကြည်ကြောင်း၊ ဒါပေမဲ့ ဒီပွဲမှာ နယူးကာဆယ်ဟာ နိုင်ပွဲ ဆာလောင်မှု၊ စိတ်ဆန္ဒ ပြင်းထန်မှု၊ စိတ်ဓာတ်ရေးရာ လှုံ့ဆော်မှုတွေ အကုန်လုံး အသာစီး အနေအထားကနေ ယှဉ်ပြိုင်သွားနိုင်ခဲ့ကြောင်း၊ ယူနိုက်တက်လို အသင်းမျိုးဟာ ဒီလို အားနည်းချက်တွေကြောင့် ရှုံးတယ် ဆိုတာကို လက်ခံပေးဖို့ ခက်ခဲကြောင်း ပြောကြားသွားပါတယ်။

 အသင်းမန်နေဂျာ အဲရစ် တန်ဟက်ဂ်ကလည်း ရှောရဲ့ မှတ်ချက်ကို လက်ခံခဲ့ပြီး နယူးကာဆယ်ဟာ ပွဲကို ပိုပြီး ဆာဆာလောင်လောင် ကစားခဲ့ကြောင်း၊ ပြိုင်ဘက်ရဲ့ အာရုံစိုက်မှု၊ စိတ်ထက်သန်မှုနဲ့ ဆန္ဒပြင်းပြမှုတွေကို ချီးကျူးရမှာဖြစ်ပြီး ပိုနိုင်ချင်တဲ့ အသင်းက နိုင်သွားတာသာဖြစ်ကြောင်း ဆိုပါတယ်။ နယူးကာဆယ်ကို လျှော့တွက်တာမျိုး မဟုတ်ပေမယ့် ယူနိုက်တက်ဟာ အရည်အသွေးပိုင်းမှာ သူတို့ထက် လုံးဝ မနိမ့်ဘူးဆိုတာ ယုံကြည်ကြောင်း၊ ယူနိုက်တက်ဟာ အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်တဲ့ အစွမ်းမျိုး ရှိပေမယ့် ဒီပွဲမှာ ဂိုးရဖို့ လုံလောက်တဲ့ အစွမ်းအစမျိုး မပြနိုင်ခဲ့ကြောင်းလည်း နယ်သာလန်သား မန်နေဂျာက ဝန်ခံသွားခဲ့ပါတယ်။

 ဒီပွဲ အရှုံးရလဒ်ကြောင့် ယူနိုက်တက်ဟာ အမှတ်ပေးဇယား ထိပ်ဆုံး ၄ နေရာ ပါဝင်ခွင့်အတွက် နယူးကာဆယ်အပြင် တော့တင်ဟမ် ဟော့စပါးရဲ့ အနီးကပ် ဖိအားပေးမှုကိုပါ ခံလာရပြီ ဖြစ်ပါတယ်။