ချဲလ်ဆီးနဲ့ လက်စတာ မန်နေဂျာတွေ တရက်တည်းမှာ ထုတ်ပယ်ခံရ

ဧပြီ၊ ၃

အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးကလပ်တွေ ဖြစ်တဲ့ ချဲလ်ဆီးနဲ့ လက်စတာ စီးတီးတို့ဟာ တရက်တည်းမှာပဲ အသင်းမန်နေဂျာတွေကို အသီးသီး ထုတ်ပယ်လိုက်ကြပါတယ်။

 ခရစ္စတယ်လ်ပဲလေ့စ်ကို ၂-၁ နဲ့ အရေးနိမ့်ခဲ့ အပြီး ဧပြီ ၂ ရက်မှာ လက်စတာက သူတို့နဲ့ ၄ နှစ်ကြာ လက်တွဲခဲ့တဲ့ မြောက်အိုင်ယာလန်သား မန်နေဂျာ ဘရန်ဒန် ရော့ဂျာစ်ကို အခွင့်အရေး ဆက်မပေးတော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက်ဆုံး ကစားတဲ့ ပရီးမီးယားလိဂ် ၆ ပွဲမှာ ၅ ပွဲထိ ရှုံးနိမ့်ခဲ့တဲ့နောက် လက်စတာဟာ အမှတ်ပေးဇယားရဲ့ တန်းဆင်းဇုန်ထိ ကျရောက်နေပါတယ်။

 လက်စတာရဲ့ လက်ရှိ အခြေအနေတွေအရ အပြောင်းအလဲတွေ မဖြစ်မနေ လိုအပ်လာပြီလို့ အသင်း ဘုတ်အဖွဲ့က ဆုံးဖြတ်ပြီး ရော့ဂျာစ်နဲ့ နှစ်ဦး သဘောတူ လမ်းခွဲခဲ့ကြောင်း ကြေညာခဲ့တာပါ။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အသင်းကို စတင်တာဝန်ယူခဲ့သူ ရော့ဂျာစ်ဟာ ၂၀၂၁ ခုနှစ်မှာ လက်စတာရဲ့ သမိုင်းတလျှောက် ပထမဆုံး အက်ဖ်အေ ရှုံးထွက် ချန်ပီယံဖလားကို အရယူပေးခဲ့ဖူးပါတယ်။

 အဲဒီနေ့မှာပဲ ချဲလ်ဆီးကလည်း အသင်းမန်နေဂျာ ဂရေဟမ် ပေါ့တားကို ရာထူးက ထုတ်ပယ်လိုက်ပါတယ်။ ဘရိုက်တန် အသင်းရဲ့ မန်နေဂျာဟောင်းဟာ ချဲလ်ဆီးမှာ ၇ လသာ တာဝန်ယူပြီး အလုပ်ထုတ် ခံလိုက်ရတာလည်း ဖြစ်ပါတယ်။ ပေါ့တားရဲ့ စွမ်းဆောင်ရည်တွေအပေါ် အသင်း ပရိသတ်တွေက စိတ်ပျက်နေခဲ့ကြပြီး အက်စ်တန်ဗီလာကို ၂-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ အိမ်ကွင်းပွဲစဉ် အပြီးမှာတော့ အသင်း ဘုတ်အဖွဲ့ကလည်း မန်နေဂျာကို ဆက်လက် ကာကွယ် ရပ်တည်ပေးဖို့ မဖြစ်နိုင်တော့ပါဘူး။

 ချဲလ်ဆီးဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၁၁ နေရာထိ ကျဆင်းရပ်တည်နေပါတယ်။ ပေါ့တား လက်ထဲမှာ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် အမှတ်ပေးပွဲစဉ် ၂၂ ပွဲကစားခဲ့ပေမယ့် ၇ ပွဲသာ နိုင်ခဲ့ပါတယ်။ ချဲလ်ဆီး အသင်းဟာ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်နဲ့ လောလောလတ်လတ် လမ်းခွဲထားတဲ့ မန်နေဂျာ ဂျူလီယန် နာဂယ်လ်စ်မန်းကို စိတ်ဝင်စားနေကြောင်း အသင်းရဲ့ ဘုတ်အဖွဲ့ဝင် တချို့က ဝန်ခံထားပေမယ့် တရားဝင် ဆက်သွယ် ကမ်းလှမ်းတာမျိုးတော့ မရှိသေးပါဘူး။

 ချဲလ်ဆီးဟာ ပေါ့တားကို ဘရိုက်တန် အသင်းဆီ နစ်နာကြေး စတာလင်ပေါင် ၂၁ သန်းထိ ပေးချေ ခေါ်ယူပြီး ၅ နှစ် စာချုပ်ထားပေမယ့် ၇ လ အကြာမှာပဲ ထုတ်ပယ်ခဲ့ရတာလည်း ဖြစ်ပါတယ်။