ကျောက်ထုမှာ စစ်ရှောင်စခန်းမီးရှို့ခံရလို့ လူဦးရေ ၄၀၀ ကျော် အရေးပေါ်အကူအညီလိုအပ်နေ

ဧပြီ၊ ၂

မကွေးတိုင်း၊ ကျောက်ထုမြို့၊ စံကျေးရွာအနီးက စစ်ကောင်စီတပ်ဖွဲ့ဝင်ရုပ်အလောင်းတွေနဲ့အတူ မီးရှို့ဖျက်စီးခံလိုက်ရတဲ့ စံစစ်ရှောင်စခန်းကစစ်ရှောင် ၄၀၀ ကျော်ဟာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

    “စစ်ဘေးရှောင်တွေ စခန်းကတော့ အားလုံး မီးရှို့ခံလိုက်ရပါပြီ။ အခုတော့ ချင်းပြည်နယ်အစပ်က ရွာတွေမှာ ခိုလှုံနေကြရတယ်။ လူဦးရေက များတော့ ပြည့်ပြည့်စုံစုံတော့ မကူညီနိုင်ပါဘူး။ စခန်းမှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေကတော့  အကုန်မီးထဲ ပါသွားတယ်။ သူတို့လည်း အနည်းအကျဉ်းပဲ သယ်ခဲ့ရတယ်။ စားသောက်ဖို့ အတော်လေ အခက်အခဲ ဖြစ်နေပါတယ်”လို့ စစ်ရှောင်တွေက ကူညီနေသူတဦးက ပြောပါတယ်။

    စံကျေးရွာအနီးက စံစစ်ရှောင်စခန်းဟာ မတ်လ ၃၀ ရက်က စစ်ကောင်စီရဲ့ တပ်မ (၇၇)၊ (၁၀၁) ပူးပေါင်းတပ် အင်အား ၁၅၀ ခန့်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားရာ စစ်ကောင်စီဘက် ၃၀ ခန့် သေဆုံးတယ်လို့ သိရပါတယ်။

    အထိနာတဲ့ စစ်ကောင်စီဟာ လေကြောင်း၊ လက်နက်ကြီးတို့နဲ့ ပစ်ကူပေးရပြီး စံကျေးရွာဘက်ကို ဆုတ်ခွာလာရကာ စံစစ်ရှောင်စခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်ရုပ်အလောင်းတွေနဲ့အတူ မီးရှို့အလောင်းဖျောက်ခဲ့တယ်လို့ ကျောက်ထု – PDF မှ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

    စစ်ကောင်စီတပ်တွေ စံရွာဘက်ကို မရောက်ခင်အချိန်မှာပင် စစ်ရှောင်တွေကို ရှောင်းခိုင်းထားတဲ့အတွက် အရပ်သားတွေ မထိခိုက်ပေမဲ့ စစ်ရှောင်စခန်းက ပစ္စည်းတွေ အကုန်ပါသွားတဲ့အတွက် အခြေခံစားနပ်ရိက္ခာတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ သူက ပြောပါတယ်။

    စံစစ်ရှောင်စခန်းက စစ်ရှောင်အများစုဟာ ၂၀၂၁ ခုနှစ်က မင်းတပ်ဂေါက်ကွင်းတိုက်ပွဲအပြီးမှာ မင်းတပ်နယ်ဘက် စစ်ရှောင်လာသူတွေဖြစ်ပြီး လက်ရှိမှာ ချင်းပြည်နယ်အစပ်က ကျေးရွာတွေဘက်မှာ ထပ်မံစစ်ရှောင်နေရတယ်လို့ သိရပါတယ်။

    စံကျေးရွာက ဆရာတော်နဲ့ စစ်ရှောင်ကူညီနေသူ အမျိုးသမီးတို့ကိုလည်း စစ်ကောင်စီတပ်က မတ်လ ၂၇ ရက်ကတည်းက ဖမ်းဆီးထားပြီး ပြန်မလွတ်လာသေးဘူးလို့ သိရပါတယ်။

    ကျောက်ထုမြို့နယ်အတွင်း ချင်းပြည်နယ်ဘက်က စစ်ရှောင်လာသူတွေရဲ့ စစ်ရှောင်စခန်း ၄ ခုရှိပြီး အညကတင်းစခန်းမှာ စစ်ရှောင် ၅၀၀ ကျော်၊ ယောစခန်းမှာ စစ်ရှောင် ၂၀၀ ခန့်၊ ကျောက်ထုစခန်းမှာ စစ်ရှောင် ၁၀၀ ခန့် ရှိပြီး စံစစ်ရှောင်စခန်းမှာ မီးရှို့ဖျက်စီးခံခဲ့ရပါတယ်။

    အဲဒီစစ်ရှောင်စခန်းတွေဟာလည်း စားနပ်ရိက္ခာအပါအဝင် ကူညီထောက်ပံ့မှုတွေ အနည်းငယ်သာ ရရှိနေပြီး လူသားချင်စာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ယောလူထုတိုက်ပွဲကော်မတီ