ဧပြီ၊ ၂
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅၀၀၀ လောက်ဟာ စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေကြရတယ်လို့ စစ်ရှောင်ကူညီထောက်ပံ့ရေးအဖွဲ့တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်စပြီး ဘုတလင်မြို့က ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စိုင်ပြင်- ဒီပဲယင်းလမ်းတလျှောက်က ကျေးရွာတွေကို ဝင်ရောက်မီးရှို့တာတွေ လုပ်ခဲ့ပြီး ၃၁ ရက်နေ့စပြီး လေကြောင်းတိုက်ခိုက်မှုတွေ စတင်ပြုလုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အဲဒီစစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲတွေလည်း ရှိနေပါတယ်။
ဒီအခြေအနေတွေကြောင့် ဒေသခံရွာပေါင်း ၁၀ ရွာထက်မနည်းဟာ စစ်ဘေးတိမ်းရှောင်နေရတာဆိုရင် ရက်သတ္တပတ် တပတ်နီးပါးရှိနေလို့ပြီလို့ စစ်ရှောင်ကူညီသူတယောက်က ပြောပါတယ်။
” လေကြောင်းက တိုက်နေတာ ၃ ရက်ရှိပြီ။ ဒီကနေ့မနက်ပိုင်းကလည်း တကြိမ် လာပစ်သွားတယ်။ ပထမနှစ်ရက်ကတော့ လူထိခိုက်မှုမရှိခဲ့ဘူး။ အခုမနက်ပိုင်းကတော့ မသိရသေးဘူး။ စိုင်းပြင်နဲ့ ဒီပဲယင်းဖက်က ရွာတွေအကုန် စစ်ရှောင်နေရတယ်။ စစ်ရှောင်တွေကလည်း များလာတယ်။ အများဆုံးက ၁၀၀၀ လောက်ရှိတဲ့ နေရာလည်းရှိတယ် ။ ၇၀၀ လောက်ရှိတဲ့နေရာတွေလည်း ရှိတယ်လို့ ’’လို့ ဒီပဲယင်း စစ်ရှောင်ကူညီနေသူတဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်ကြောင်းဟာ ဒီပဲယင်းအနောက်ခြမ်း စိုင်ပြင်၊ ဂွေးပင်ကုန်း၊ ရွှေဒါးကန်၊ ကျောက်ဖျာ၊ မကြီးစောက်၊ ကျခတ်၊ ပျံကျ၊ ကြည်၊ ဘုရားထွက် စတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေသလို ဘူဒိုဇာ ၂ စီးကို အသုံးပြုပြီး လမ်းမတွေကို ဖျက်ဆီးတာတွေလုပ်နေတယ်လို့ ဒီပဲယင်းမြို့ စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ဆိုပါတယ်။
” မြေပြင်မှာလည်း စစ်ရှောင်တွေက များတယ်။ စခန်းဆိုပြီး သီးခြားဖွင့်ထားတာမရှိဘူး။ ဘေးလွတ်ရာရွာတွေက ဘုန်ကြီးကျောင်း၊ စာသင်ကျောင်းတွေကို သွားနေရတယ်။ တချို့ဆိုလည်း တောတိုက်က တဲတွေနဲ့ သွားနေတယ်။ စပြီးရှောင်လာကတည်းက အခုရက်ရှည်လာတယ်ဆိုတော့ စစ်ရှောင်တွေကို ချက်ပြုတ်ကျွေးမွေးတဲ့နေရာမှာ ရိက္ခာပြတ်လပ်တာတွေ ဖြစ်လာတယ်။ အခုက မျှပေးနေရတယ် ” လို့ အဲဒီအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။
လက်ရှိစစ်ကောင်စီလေကြောင်းနဲ့ ပစ်ခတ်နေတဲ့ နေရာတွေဟာ မြို့ပေါ်နဲ့ အတော်နီးကပ်နေပြီးဖြစ်သလို တိုက်ပွဲမှာ စစ်အုပ်စု အထိနာနေတဲ့အတွက် လေကြောင်းကပစ်နေတာလို့ ဒီပဲယင်း Local Mobile Team အဖွဲ့တာဝန်ခံ ဗိုလ်သုခက ပြောပါတယ်။
” တိုက်ပွဲက ဆက်တိုက်ဖြစ်နေတာပါ၊ စစ်ကြောင်းက မြို့ပေါ်သွားချင်နေတာဆိုတော့ မြို့နဲ့တော့ နီးလာပြီး ဘုတလင် နမခ ဖက်ကနေ ဝင်လာတယ်။ လေယာဉ်နဲ့ ဗုံးသီးကြဲတာ ရှိသလို စစ်လက်တွေနဲ့လည်း ဆွဲသွားတာရှိပါတယ်။ အင်အား ၁၅၀ လောက်ပါတယ်။ တွေ့တဲ့လူကို ဓားစာခံအဖြစ်ခေါ်လာတာ ၅၀ လောက်ရှိတယ်။ သူတို့ အိတ်တွေ ထမ်းခိုင်းတာတွေ ပစ္စည်းတွေသယ်ခိုင်းတာတွေ လုပ်နေတယ်၊ နေရာအစုံကနေ ခေါ်လာတဲ့လူတွေပါ ” လို့ ဗိုလ်သုခက ဆိုပါတယ်။
လက်ရှိမှာတော့ ဒီပဲယင်းအနောက်ခြမ်းမှာ စစ်ရှောင်ဦးရေ ၅၀၀၀ ဝန်းကျင်လောက်ရှိနေပြီး အခက်အခဲတွေ ရင်ဆိုင်နေရတဲ့အတွက် ဝိုင်းဝန်းကူညီကြဖို့ကိုလည်း ဒီပဲယင်းစစ်ရှောင်ကူညီသူတွေက နှိုးဆော်ထားကြပါတယ်။
ဓာတ်ပုံ – ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေး
ပုံစာ – အခုရက်ပိုင်းအတွင်း နေရပ်စွန့်ခွာပြေးနေရတဲ့ ဒီပဲယင်းအနောက်ခြမ်းက စစ်ရှောင်များ