ကလေးမြို့မှာ စစ်ရှောင်လူငယ်သုံးဦးအပါအဝင် လူငယ်ခြောက်ဦးကို စစ်ကောင်စီကဖမ်းဆီး

ဧပြီ၊ ၂

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ရှောင်လူငယ်သုံးဦးအပါအဝင် လူငယ်ခြောက်ဦးကို မတ်လ ၃၁ ရက်နေ့နှင့် ဧပြီလ ၁ ရက်နေ့တွေမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။
 
” အဓိကကတော့ ဖုန်းပဲ။ ဖုန်းထဲမှာ သေနတ်ပုံတွေ့လို့ ဖမ်းတာလို့ ပြောကြတယ်။ သူတို့က လူငယ်တိုင်းကို သံသယဖြစ်နေတာဗျ။ ကလေးတွေကို PDF ဆိုပြီး စွပ်စွဲချင်နေတာ။ မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်နေတာ။ PDF ဆို မြို့ပေါ်မလာလောက်ဘူး။ စစ်ဖြစ်လို့ လာရှောင်တာ ” လို့ စစ်ရှောင်လူငယ်သုံးဦး ဖမ်းဆီးခံရတာနှင့်ပတ်သက်ပြီး ကလေးမြို့အနောက်ပိုင်း မြို့ခံတဦးက ပြောပါတယ်။
 
ကလေးမြို့၊ တာဟန်းရပ်ကွက်၊ နေကြာတိုက်ရှေ့ ကင်းတဲက စစ်ကောင်စီစစ်သားတွေဟာ ဧပြီလ ၁ ရက်၊ ညနေပိုင်းမှာ ကလေးမြို့နယ်မြောက်ပိုင်း၊ နန်းချောင်းရွာကနေ စစ်ရှောင်လာတဲ့ လူငယ်သုံးဦးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
 
ကလေးမြို့အနောက်ပိုင်းမှာ စစ်ကောင်စီက စစ်ရှောင်လူငယ်သုံးဦးကို ဖမ်းဆီးခဲ့သလို ကလေးမြို့အရှေ့ပိုင်း ချမ်းမြေ့အောင်စီရပ်ကွက် စစ်ဆေးရေးဂိတ်မှာ မတ်လ ၃၁ ရက်က လူငယ်သုံးဦးကို PDF တွေဆိုပြီး စစ်ကောင်စီအဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
 
” သူတို့က ဖုန်းကိုပဲ အဓိကစစ်တာ။ ဖုန်းကနေပဲ အဖမ်းခံရတာက ရာခိုင်နှုန်းတော်တော်များနေပြီ။ ဖုန်းကို လုံးဝသတိထားသင့်တယ် ” လို့ မြို့ခံတဦးက ပြောပါတယ်။
 
ချမ်းမြေ့အောင်စီရပ်ကွက်မှာ ဖမ်းဆီးခံရသူတွေဟာ နေထက်လင်း၊ နိုင်မင်းထက်နဲ့ မင်းထက်ပိုင်တို့ဖြစ်တယ်လို့ သိရပြီး စစ်ကောင်စီဝါဒဖြန့် Fifty Two မှာလည်း PDF တွေဖမ်းဆီးရမိလို့ ဖော်ပြထားတာကို တွေ့ရပါတယ်။
 
ကလေးမြို့နယ်မြောက်ပိုင်းမှာ စစ်ကောင်စီက စစ်ကြောင်းထိုးတာကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းကနေပါ ပစ်ခတ်မှုတွေပြုလုပ်နေတာပါ။ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးပြီး လေကြောင်းကနေ ပစ်ခတ်မူတွေကြောင့် ဒေသခံသောင်းချီပြီး စစ်ဘေးရှောင်နေကြရစဥ်မှာ စစ်ကောင်စီက စစ်ရှောင်လူငယ်သုံးဦးအပါအဝင် လူငယ်ခြောက်ဦးကို ကလေးမြို့ပေါ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
 
စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်အာဏာသိမ်းတဲ့အချိန်ကနေ ၂၀၂၃ခုနှစ်၊ မတ်လ ၃၁ ရက်အထိ လူပေါင်း ၁၇၀၇၅ ဦး ဖမ်းဆီးထားပြီး ၅၂၇၄ ဦး ကိုထောင်ဒဏ်ချမှတ်ထားပါတယ်။
 
သေဒဏ်ပေးခံရသူ လေးဦး အပါအဝင် ၃၁၉၄ ဦး သေဆုံးထားပါတယ်။
ဓာတ်ပုံ – Fifty Two Media