စစ်ရှောင်ပြေးချိန် မိုးရွာလို့ ကလေးမြို့နယ်မြောက်ပိုင်း စစ်ရှောင်ပြည်သူတွေနေထိုင်ရေးအခက်တွေ့နေ

ဧပြီ၊ ၁

စစ်ကောင်စီရဲ့စစ်ကြောင်းထိုးမှုကြောင့် ကလေးမြို့နယ်မြောက်ပိုင်းက သောင်းဂဏန်းရှိတဲ့ပြည်သူတွေဟာ တော တောင်တွေထဲမှာစစ်ဘေးရှောင်နေကြရချိန် ဒီကနေ့ ဧပြီ ၁ ရက်မှာ မိုးရွာလာတာကြောင့် နေထိုင်ရေးအခက်ကြုံ နေကြရတယ်လို့ ကလေးမြို့နယ်မြောက်ပိုင်းဒေသခံတဦးကပြောပါတယ်။

” အစကတော့ အစားပဲဒုက္ခရောက်တာ၊ခုမိုးရွာတော့နေရေးပါဒုက္ခရောက်သွားပြီ၊မိုးကာတွေဘယ်ယူနိုင်ခဲ့မလဲ၊ သစ်ပင်အောက်တို့မှာတတ်နိုင်သမျှမိုးလုံအောင်ရှိတာလေးနဲ့ဖန်တီးနေရတယ်” လို့ ဒေသခံစစ်ရှောင်တဦး ကပြောပါတယ်။

ကလေးမြို့နယ်မြောက်ပိုင်း ကိုစစ်ကောင်စီက မတ်လ ၃၀ ရက်မနက်ပိုင်းကတည်းကစလို့ စစ်ကြောင်းထိုးလာ တာကြောင့် မောက်လင်း၊လက်ပံချောင်း၊ ပျဥ်းတောဦး စတဲ့ရွာကြီးတွေအပါအဝင် ကလေး – ရာဇဂြိုလ်လမ်းမ တလျောက် ကျေးရွာဆယ်ရွာကျော်က ပြည်သူသောင်းချီပြီးစစ်ဘေးရှောင်နေကြရတာဖြစ်ပါတယ်။

” ကျွန်တော်တို့အနေနဲ့တော့ စစ်ရှောင်သုံးရာလောက်ကို လုံခြုံတဲ့အမိုးအကာအောက်မှာထားပြီး တတ်နိုင်သ မျှကူညီစောင့်ရှောက်နေပါတယ်” လို့ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

 စစ်ဘေးရှောင်တွေအနေနဲ့ တောထဲက သစ်ပင်အောက်၊ လျိုမြောင်ကြားတွေမှာနေထိုင်ကြရတယ်လို့ ဒေသခံတဦး ကဆိုပါတယ်။

” ရွာကနေလှမ်းမြင်ရတဲ့တဲဆိုမနေရဲကြဘူး၊(လက်နက်ကြီး)လှမ်းထုမှာစိုးလို့၊ ဟိုးတောထဲကမမြင်ရတဲ့ တဲမျိုးဆို ရင်တော့ နေကြတယ်” လို့ သူကပြောပါတယ်။

ကလေးမြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီကစစ်ကြောင်းထိုးရာမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်တာလည်းရှိပြီး စစ်ကောင်စီက ဒီကနေ့အထိ နေ့စဥ်ရက်ဆက်လက်နက်ကြီးတွေနဲ့ ကလေးမြို့တွင်း တပ်ထဲကနေလှမ်းပစ်နေတယ်လို့ ကလေးမြို့ခံတွေဆီကသိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးတပ်တွေဟာ မတ်လ ၃၁ ရက်မှာလည်း ပျဥ်းတောဦး ကျေးရွာဝန်း ကျင်မှာ တိုက်ပွဲပြင်းထန်ခဲ့လို့ ညနေပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ရဟတ်ယာဥ်နဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့ပါတယ်။

တိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်မှုအခြေအနေအသေးစိတ်ကိုမသိရသေးပေမယ့် မြေပြင်တိုက်ပွဲမှာစစ်ကောင်စီ အဖွဲ့ဝင်တွေအထိနာတဲ့အတွက်လေကြောင်းကနေတိုက်ခိုက်တာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

 စစ်ကောင်စီစစ်ကြောင်းမလာခင် တပတ်လောက်ကတည်းက ကလေးမြို့နယ်မြောက်ပိုင်းက ပြည်သူတွေဟာ နှာ စေးချောင်းဆိုးဖြစ်တဲ့သူအရမ်းများနေတာကြောင့် တောထဲတောင်ထဲရောက်နေတဲ့ သူတွေအတွက်စိတ်ပူတယ်လို့ ကလေးမြို့နယ်မြောက်ပိုင်းကနေ မြို့ပေါ်ကိုစစ်ရှောင်လာသူတဦးကပြောပါတယ်။

“နှာစေးချောင်းဆိုဖြစ်တဲ့သူတွေက တအားကိုများနေတာ၊ကျွန်တော်ဆို တပတ်လောက်ရှိပြီဖြစ်တာ၊ လူကိုပိန် သွားတာ၊တောထဲရောက်နေတဲ့သူတွေဆိုပိုဆိုးမယ်၊ စိတ်မကောင်းရုံကလွဲပြီးဘာပြောရမှန်းမသိဘူး” လို့သူက ဆိုပါတယ်။

ကလေးမြို့နယ်မြောက်ပိုင်းကစစ်ရှောင်တွေဟာ လက်ရှိမှာအသင့်ပါလာတဲ့ စားရေရိက္ခာတွေနဲ့သာ ဖြစ်သလိုစား သောက်နေရပြီး စစ်ရေးတင်းမာနေတဲ့အခြေအနေကြောင့် စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေလည်း သွားရောက် ကူညီနိုင်တာမျိုးမရှိသေးဘူးလို့ သိရပါတယ်။

” စစ်ကြောင်းရှိနေတော့ ကျွန်မတို့ကိုလည်းမလာခိုင်းသေးဘူး။ သွားလို့မရဘူး” လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ဝင်တဦးကပြောပါတယ်။

ပျဥ်းတောဦးဘက်မှာရောက်ရှိနေတဲ့စစ်ကောင်စီစစ်ကြောင်းကြောင့် စစ်ဘေးရှောင်တွေကို အကူအညီပေးဖို့ ခက်ခဲနေသလို စစ်ကြောင်းကမြောက်ဘက်ကိုတောက်လျောက်ထိုးလာရင် ပြေးဖို့အတွက် ရာဇဂြိုလ် ကျေးရွာနဲ့ အနီးအနားဝန်းကျင်ကပြည်သူတွေလည်း ပြေးဖို့အဆင်သင့်ပြင်ထားကြရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဓာတ်ပုံ – Social Media

ပုံစာ – ကလေးမြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်စခန်းတခု (ပုံဟောင်း)