ထီးချိုင့်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲလို့ ငါးဦးသေဆုံး

ဧပြီ၊ ၁

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အင်ဒေါင်းကျေးရွာအနီး ကလာဘမုနိဘုရားကုန်း နဲ့ ပေါက်ကုန်းရွာထဲကို စစ်ကောင်စီက မနေ့က မတ်လ ၃၁ ရက် ညနေပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားငါးဦး သေဆုံးသွားတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။
 
မြစ်ကြီးနားမြို့ကလာတဲ့ ဂျက်ဖိုက်တာတိုက်ခိုက်ရေးလေယာဉ် နှစ်စီးဟာ မနေ့က ညနေပိုင်း မှာ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်းတွေမှာ သီးခြားစီရှိတဲ့ ပေါက်ကုန်းရွာနဲ့ အင်ဒေါင်းကျေးရွာ အနီးနေရာတွေကို ဗုံးငါးလုံးကြဲခဲ့တာလို့ ဆိုပါတယ်။
 
အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း အင်ဒေါင်းရွာအနီးက ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်သူတွေရှိခဲ့တာလို့ ဆိုပါတယ်။
 
” လောလောဆယ် သိတာတော့ ငါးဦးသေသွားတယ်။ ခြောက်ဦးလောက်လည်း ထိခိုက်သွားတယ်သိရသေးတယ်၊ သေဆုံးသွားတာက အမျိုးသားတဦး၊ ကလေးတယောက်နဲ့ အမျိုးသမီးသုံးဦးလို့ ပြောတယ်၊ လေယာဉ်အသံကြားလို့ အိမ်ထဲဝင်ပြေးချိန် သူတို့နား ဗုံးသီးကျသွားတာပေါ့ ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
ထီးချိုင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်လှုပ်ရှားမှုအခြေအနေနဲ့ မြေပြင်သတင်းတွေဖော်ပြပေးနေတဲ့ Tigyaing Revolution-TR ကတော့ အင်ဒေါင်းရွာနားက ဦးလာဘဘုရားအနီးမှာ စစ်ရှောင်နေတဲ့အရပ်သားတွေရှိရာ နေရာကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်လို့ အရပ်သားခြောက်ဦးထက်မနည်းသေဆုံးပြီး ငါးဦးလောက် ဒဏ်ရာရတယ်လို့ ဖော်ပြထားပါတယ်။
 
” အသေးစိပ်တော့ မသိရသေးပါဘူး၊ တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ လေယာဉ်နဲ့ လာဗုံးကြဲသွားတာပါ၊ အဲဒီနားမှာ စစ်ရှောင်ပြည်သူတွေပဲရှိတာပါ ” လို့ အဲဒီအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
စစ်ကောင်စီတပ်က ထီးချိုင့်မြို့နယ် ဧရာဝတီမြစ်ကမ်းအရှေ့ဘက်ရှိ ကျေးရွာတွေကို ပြီးခဲ့တဲ့ လနောက်ဆုံးအပတ်လောက်က စပြီး အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် အနီးနား ကျေးရွာတွေက ဒေသခံတထောင်ကျော်လောက် စစ်ရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
အင်ဒေါင်းရွာဟာ ထီးချိုင့်မြို့နဲ့ ဧရာဝတီမြစ် ခြားပြီး မြစ်အရှေ့ဘက်ကမ်းပေါ်က ရွာတရွာဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေဟာ ထီးချိုင့်မြို့နယ်အတွင်း ဧရာဝတီမြစ် အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်းပေါ်က ကျေးရွာတွေတလျှောက်မှာ တပ်စွဲထားတာ၊ စစ်ကြောင်းထိုးလှုပ်ရှားတွေ လုပ်နေပြီး KIA၊ PDF ပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်နေတာပါ။
 
ဒါပေမယ့် မနေ့က လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာတွေမှာတော့ တိုက်ပွဲဖြစ်နေတာမရှိဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ထီးချိုင့်မြို့တောင်ဘက် ဧရာဝတီမြစ်အနောက်ဘက်ကမ်းပေါ်က ညောင်ပင်သာယာရွာကို စစ်ကြောင်းထိုးဝင်ပြီး မီးရှိုလို့ နေအိမ်တရာကျော် ပြာကျခဲ့ပါသေးတယ်။

ဓာတ်ပုံ – CJ