ဧပြီ၊ ၁
လက်ရှိ အခြေအနေမျိုးမှာ ယူကရိန်းနဲ့ အပစ်အခတ် ရပ်စဲလိုက်ဖို့ ရုရှားက ဆန္ဒမရှိကြောင်း အစိုးရ ထိပ်တန်း အရာရှိ တဦးက ပြောကြားသွားပါတယ်။
ရုရှားရဲ့ အဓိက မဟာမိတ် နိုင်ငံတခုဖြစ်တဲ့ ဘီလားရုစ်ရဲ့ သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက ရုရှားနဲ့ ယူကရိန်းတို့ကြား အမြန်ဆုံး အပစ်အခတ် ရပ်စဲဖို့ တောင်းဆိုခဲ့တဲ့အပေါ် ရုရှား အစိုးရရဲ့ ထိပ်တန်း အကြံပေး အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က အခုလို တုံ့ပြန်ခဲ့တာပါ။
သမ္မတ ဗလာဒီမာ ပူတင်နဲ့ ပုဂ္ဂိုလ်ရေးအရ အရမ်းရင်းနှီးသလို ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိအဖြစ် တာဝန်ယူထားတဲ့ ပက်စ်ကော့ဗ်က လူကာရှန်ကိုရဲ့ သဘောထားကို နားလည်နိုင်ပေမယ့် လောလောဆယ် ယူကရိန်းနဲ့ အပစ်အခတ် ရပ်စဲလိုက်ရင်တောင် ရုရှားက အကောင်အထည် ဖော်ခဲ့တဲ့ အထူးစစ်ဆင်ရေးရဲ့ ရည်မှန်းချက်တွေ အောင်မြင်တယ်လို့ မသတ်မှတ်နိုင်ကြောင်း ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းကို ရုရှားတပ်တွေ ကျူးကျော် တိုက်ခိုက်ခဲ့တဲ့အပေါ် ရုရှား သမ္မတ ပူတင်က အထူးစစ်ဆင်ရေး တရပ်လို့ ခေါင်းစဉ် တပ်ခဲ့ပြီး ဒီအသုံးအနှုန်းကို ပက်စ်ကော့ဗ်က ပြန်လည် ရည်ညွှန်းခဲ့တာပါ။
သူက ယူကရိန်းရဲ့ စစ်ဦးစီးတွေဟာ ကိယက်ဗ်မြို့တော်မှာ ထိုင်နေတာ မဟုတ်ဘဲ တိုက်ပွဲကို စိတ်လိုလက်ရ ဆက်တိုက်နေမယ် ဆိုတာကိုလည်း ရုရှား အပါအဝင် တကမ္ဘာလုံးက နားလည်ထားကြောင်း စွပ်စွဲပါတယ်။
ယူကရိန်း အစိုးရကတော့ နိုင်ငံပိုင်နက်ထဲ ကျူးကျော်နေတဲ့ ရုရှားတပ်တွေ အားလုံး ရုပ်သိမ်း ဆုတ်ခွာ မပြီးမချင်း အပစ်အခတ် ရပ်စဲရေးကိစ္စ ဆွေးနွေးဖို့ လုံးဝ မဖြစ်နိုင်ကြောင်း အတိအလင်း ကြေညာထားပါတယ်။
Ref: Reuters