Vogue ဖက်ရှင် မဂ္ဂဇင်းရဲ့ အသက်အကြီးဆုံး မော်ဒယ်လ် ဖြစ်လာတဲ့ အသက် ၁၀၆ နှစ်အရွယ် ဖိလစ်ပိုင်သူ

ဧပြီ၊ ၁

နာမည်ကြီး ဖက်ရှင် မဂ္ဂဇင်း တခုဖြစ်တဲ့ Vogueဟာ သူတို့ရဲ့ အသက်အကြီးဆုံး မျက်နှာဖုံးရှင် မော်ဒယ်လ်ကို မိတ်ဆက် ဖော်ပြခဲ့ပါတယ်။

ဖိလစ်ပိုင်ထုတ် Vogue မဂ္ဂဇင်းရဲ့ ဧပြီလအတွက် မျက်နှာဖုံးရှင်ကတော့ အသက် ၁၀၆ နှစ် ရှိပြီဖြစ်တဲ့ အေပို ဝမ်အော့ဒ်ဆိုတဲ့ အမျိုးသမီးကြီး ဖြစ်ပါတယ်။ သူဟာ တက်တူး အနုပညာရှင် တဦးအဖြစ် အသက်မွေးခဲ့ပြီး ကိုယ်တိုင်လည်း ခန္ဓာကိုယ်မှာ တက်တူးတွေ ရေးထိုးထားပါတယ်။

ဖခင်ဖြစ်သူရဲ့ လမ်းညွှန် ပြသမှုနဲ့အတူ ဆယ်ကျော်သက် အရွယ်ကတည်းက သူဟာ တက်တူးထိုးတဲ့ အလုပ်ကို စွဲစွဲမြဲမြဲ ကျွမ်းကျွမ်းကျင်ကျင် လုပ်ဆောင်ခဲ့တယ်လို့ ဝမ်အော့ဒ်က​ Vogueနဲ့ အင်တာဗျူးမှာ ပြောပါတယ်။ သူ့ကို တက်တူးထိုးနေကျ ဖောက်သည်တွေကတော့ မာရီယာ အိုဂေဆိုတဲ့ နာမည်နဲ့ ပိုပြီး သိကြပါတယ်။

သူက မနီလာ မြို့တော် မြောက်ဖက် ၁၅ နာရီလောက် ကားမောင်းသွားရမယ့် တောင်ပေါ်ရွာလေး တခုဖြစ်တဲ့ ဘူစ်ကာလန်မှာ နေထိုင်ပါတယ်။ သူဟာ မမ်ဘာဘာတော့ခ်လို့ ခေါ်ဝေါ်တဲ့ ရိုးရာ တက်တူး (ဆေးမင်ကြောင်) ရေးဆွဲ ထိုးနှံမှုမှာ အသက် အကြီးဆုံး ပညာရှင်အဖြစ်လည်း သတ်မှတ် ခံထားရပါတယ်။

အဲဒီ ရိုးရာတက်တူးဟာ ကျွဲကောပင်ရဲ့ဂိုဏ်း၊ ဝါးတုတ်ချောင်း၊ ရေ၊ ကျောက်မီးသွေးစတဲ့ ကိရိယာတွေနဲ့သာ ရေးဆွဲ ထိုးနှံရတာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်ရဲ့ ဘွတ်ဘွတ် ရိုးရာ စစ်သည်တွေက အဲဒီ တက်တူးမျိုးကို ဂုဏ်ယူစွာ ထိုးနှံလေ့ ရှိကြပါတယ်။

အဲဒီ တက်တူးထိုးနည်းဟာ အခုအခါ တဖြည်းဖြည်း တိမ်ကောလာနေပြီး မျိုးဆက်အလိုက် လက်ဆင့်ကမ်း လုပ်ကိုင်သူ အနည်းအကျဉ်းသာ ကျန်ပါတော့တယ်။ Vogue မဂ္ဂဇင်းရဲ့ ဖိလစ်ပိုင် အယ်ဒီတာချုပ် ဘီရာ ဗဲလ်ဒက်စ်က ရိုးရာ အနုပညာ လက်ရာတခုနဲ့ ပတ်သက်လို့ အသားပေးတဲ့ မော်ဒယ်လ်မျိုး ရွေးချယ်ဖို့ စဉ်းစားရင်း ဝမ်အော့ဒ်ကိုပဲ ကမ်းလှမ်းဖို့ ဆုံးဖြတ်ခဲ့တာလို့ ရှင်းပြပါတယ်။

Vogue မဂ္ဂဇင်းရဲ့ နိုင်ငံတကာ မျက်နှာဖုံးတွေမှာ ဝမ်အော့ဒ် မတိုင်ခင်ထိ အသက်အကြီးဆုံး မျက်နှာဖုံးရှင် ဖြစ်ခဲ့တာကတော့ အင်္ဂလိပ် မင်းသမီးကြီး ဂျူဒီဒန့်ချ်ပါ။ ၂၀၂၀ ပြည့်နှစ်၊ ဗြိတိန်ထုတ် Vogue မဂ္ဂဇင်း မျက်နှာဖုံးရှင် ဖြစ်ခဲ့တော့ ဒန့်ချ်ရဲ့ အသက်ဟာ ၈၅ နှစ်အရွယ်လို့ သိရပါတယ်။

Ref: CNN