မက်ဆီကို ပြန်ခေါ်ယူနိုင်ဖို့ ဆက်သွယ် ကြိုးစားနေတဲ့ ဘာစီလိုနာ

ဧပြီ၊ ၁

ဘာစီလိုနာ အသင်းဟာ ကစားသမားဟောင်း လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ လက်တွေ့ကျကျ ကြိုးစားနေကြောင်း သိရပါတယ်။

အာဂျင်တီးနား လက်ရွေးစင် အသင်းခေါင်းဆောင်ဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝတလျှောက်လုံးကို စပိန်ကလပ် ဘာစီလိုနာမှာ ဖြတ်သန်း ကုန်ဆုံးခဲ့ရာက လွန်ခဲ့တဲ့ တနှစ်ခွဲ ကျော်ကျော်လောက်မှာ ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီ အသင်းဆီ အလွတ် ပြောင်းရွှေ့သွားခဲ့ပါတယ်။

အခုအခါမှာတော့ မက်ဆီဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်သလို စာချုပ်သစ် လက်မှတ်ရေးထိုးမယ့် အလားအလာလည်း အတော်နည်းနေပါတယ်။ အဲဒီအချိန်မှာ ဘာစီလိုနာက သူတို့ရဲ့ ကစားသမားဟောင်းကို ပြန်ခေါ်ဖို့ လက်တွေ့ ချိတ်ဆက်နေကြောင်း ဘာစီလိုနာရဲ့ ဒုတိယ ဥက္ကဋ္ဌ ရာဖာ ယွတ်စ်တီက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၇ ကြိမ်ထိ ဆွတ်ခူးခဲ့ဖူးတဲ့ မက်ဆီဟာ ဘာစီလိုနာ ကစားသမား ဘဝမှာ သူ့ရဲ့ အတောက်ပဆုံး ကာလတွေကို ဖြတ်သန်းခဲ့ဖူးပါတယ်။ အသက် ၃၅ နှစ်အရွယ် မက်ဆီဟာ လောလောလတ်လတ်မှာ အာဂျင်တီးနား လက်ရွေးစင် အသင်းနဲ့အတူ ကမ္ဘာ့ဖလားကိုလည်း ဆွတ်ခူးထားပါတယ်။

ယွတ်စ်တီက မက်ဆီကို သေချာပေါက် ဘာစီလိုနာဆီ ပြန်ခေါ်နိုင်မယ်လို့ မပြောနိုင်သေးပေမယ့် နှစ်ဖက် ဆက်သွယ်မှုတွေ ရှိနေတယ်လို့တော့ ဝန်ခံခဲ့ပါတယ်။ ၂၀၂၁ ကတည်းက ဘာစီလိုနာကနေ မက်ဆီ ထွက်ခွာမသွားဖို့ မျှော်လင့်ခဲ့ပေမယ့် သူဟာ ကြေကြေကွဲကွဲပဲ နှုတ်ဆက်ခဲ့ရကြောင်း၊ မက်ဆီဟာ အသက် ၁၂ နှစ် ကတည်းက ဘာစီလိုနာကို ရောက်လာခဲ့သူဖြစ်ပြီး သူ့ကို အသင်းမှာ သေချာပေါက် ပြန်မြင်ချင်မိကြောင်း ယွတ်စ်တီက ပြောပါတယ်။

ကစားသမား ဘဝမှာ မက်ဆီနဲ့ အတူတွဲပြီး အချိန်အကြာကြီး ကစားခဲ့တဲ့ လက်ရှိ ဘာစီလိုနာ နည်းပြ ရှာဗီ ဟာနန်ဒက်ဇ်ကလည်း နူးကမ့် ကွင်းကြီးထဲမှာ အသင်းဖော်ဟောင်းရဲ့ နောက်ဆုံး တောက်ပမှုတွေကို ပြန်မြင်ချင်ကြောင်း အရိပ်အမြွက် ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ မက်ဆီကို ပြန်ခေါ်နိုင်မလား ဆိုတာကတော့ ဘဏ္ဍာရေး ကန့်သတ်ချက် စည်းမျဉ်းတွေ၊ ကစားသမားရဲ့ ဆန္ဒအပါအဝင် ကိစ္စအများကြီးအပေါ် မူတည်ပြီးမှ ဆုံးဖြတ်နိုင်မှာ ဖြစ်ကြောင်း၊ မက်ဆီ အတွက်တော့ ဘာစီလိုနာဆိုတာ သူ့အိမ် ပြန်လာရသလို ခံစားရမယ့် နေရာလို့ ယုံကြည်ကြောင်း ရှာဗီက မှတ်ချက် ပေးသွားခဲ့ပါတယ်။ 

Ref: Goal