လူ့အခွင့်အရေး ချိုးဖောက်သူတွေက ဘောလုံးအသင်းတွေ မဝယ်ယူနိုင်အောင် ပရီးမီးယားလိဂ် တင်းကျပ်

မတ်၊ ၃၁

လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် နာမည်ပျက် ရှိသူတွေက အင်္ဂလန် ထိပ်တန်း ဘောလုံးကလပ်တွေကို ဝယ်ယူပိုင်ခွင့် မပြုဖို့ ပရီးမီးယားလိဂ် အဖွဲ့ချုပ်က စည်းမျဉ်းတွေ တင်းကျပ်လိုက်ပါတယ်။

 ချက်ချင်း အသက်ဝင်လာမယ့် ပိုင်ဆိုင်မှုဆိုင်ရာ စည်းမျဉ်းတွေအရ နိုင်ငံတကာ လူ့အခွင့်အရေး စည်းမျဉ်းတွေကို ချိုးဖောက်ကြောင်း နာမည်ပျက် ရှိသူတွေဟာ ပရီးမီးယားလိဂ် ဘောလုံးကလပ်တွေကို ဝယ်ယူခွင့် ရှိတော့မှာ မဟုတ်ပါဘူး။ ပြီး​တော့ ဗြိတိန် အစိုးရက အရေးယူ ပိတ်ဆို့မှုတွေကို ခံထားရတဲ့ လူပုဂ္ဂိုလ်တွေကလည်း ပရီးမီးယားလိဂ် ကလပ်တွေကို ပိုင်ဆိုင်ခွင့် ရှိမှာ မဟုတ်ပါဘူး။

 နောက်ထပ် တင်းကျပ်မှုအဖြစ် လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးခံနေရသူတွေ၊ ပြစ်မှုထင်ရှားကြောင်း အဖြေထွက်ပေါ်လာသူတွေကလည်း ကလပ်အသင်းရဲ့ ဒါရိုက်တာ ရာထူးတွေ လက်ခံပိုင်ခွင့် ရှိမှာ မဟုတ်သလို ရှိရင်းစွဲ ရာထူး လက်ခံထားရင်လည်း ပရီးမီးယားလိဂ်က ကြားဝင် အရေးယူ ဖယ်ရှားခွင့် ရှိလာမှာပါ။

 နောက်ပြီး အကြမ်းဖက်မှု၊ အဂတိ လိုက်စားမှု၊ လိမ်လည်မှု၊ အခွန်ရှောင်မှုနဲ့ အမုန်းတရား ဖြန့်ဝေမှုတို့လို ကိစ္စမျိုးတွေ ကျူးလွန်ဖူးသူတွေကိုလည်း ပိတ်ပင် အရေးယူလာနိုင်မှာ ဖြစ်ပါတယ်။

 လူ့အခွင့်အရေး အဖွဲ့အစည်း တခုဖြစ်တဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာမှု အဖွဲ့က ပရီးမီးယားလိဂ်ရဲ့ ဆုံးဖြတ်ချက်ဟာ တိုးတက်တဲ့ ခြေလှမ်းတခုလို့ ချီးကျူး ကြိုဆိုခဲ့ပေမယ့် စည်းမျဉ်းတွေအတိုင်း တိတိကျကျ အရေးယူ ဆောင်ရွက်မှုတွေ မလုပ်ရင်တော့ ပရီးမီးယားလိဂ် အသင်းတွေဟာ နာမည်ပျက်ထားသူတွေ သူတို့ နာမည်ဆိုးကို ဆေးကြောဖို့ အသုံးချခံ ပစ္စည်းတွေ ဖြစ်လာလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

 လက်ရှိ အခြေအနေမှာ ကာတာ ဘဏ်လုပ်ငန်းရှင် ရှိတ်ခ် ဂျာဆင်မ်က ဦးဆောင်တဲ့ ကာတာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစု တခုဟာ မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ ကြိုးစားနေပါတယ်။ ကာတာ အစိုးရဟာ ရွှေ့ပြောင်း လုပ်သားတွေကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့သလို လိင်တူ ဆက်ဆံမှုကိုလည်း ရာဇဝတ်မှု အနေနဲ့ သတ်မှတ်ထားတာကြောင့် LGBTQ အဖွဲ့အစည်းတွေရဲ့ ဝေဖန်မှုကို ခံခဲ့ရဖူးပါတယ်။ ဒါပေမဲ့ ဂျာဆင်မ်ကတော့ ယူနိုက်တက်ကို ဝယ်ယူဖို့ ကြိုးစားနေမှုဟာ ကာတာ အစိုးရ ကိုယ်တိုင်နဲ့ တိုက်ရိုက် ဆက်စပ်မှု လုံးဝ မရှိကြောင်း အခိုင်အမာ ပြသဖို့ စီစဉ်ထားပါတယ်။

 နယူးကာဆယ်လ် ယူနိုက်တက်ဟာလည်း သတင်းထောက် တဦးကို လက်စဖျောက် သတ်ဖြတ်မှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု နာမည်ဆိုးတွေ ထွက်ခဲ့တဲ့ ဆော်ဒီ အာရေးဘီးယား တော်ဝင် မိသားစုရဲ့ ပိုင်ဆိုင်မှု အောက်မှာ ရှိနေကြောင်း ဝေဖန်မှုတွေ ခံနေရပါတယ်။ ချဲလ်ဆီး အသင်းဟာလည်း ဗြိတိန် အစိုးရရဲ့ အရေးယူ ပိတ်ဆို့မှု ခံခဲ့ရတဲ့ ရုရှား ဘီလီယံနာ ရိုမန် အေဘရာမိုဗစ်ချ်ရဲ့ ပိုင်ဆိုင်မှု အောက်မှာ ရှိနေတာကြောင့် အတော်လေး ပြဿနာ တက်ခဲ့ဖူးပေမယ့် နောက်ပိုင်းမှာ အေဘရာမိုဗစ်ချ်က အသင်းကို ပြန်ရောင်းချသွားခဲ့ပါတယ်။