PDF က လက်နက်ဖိုးတအိမ်ကျပ်နှစ်သောင်းတောင်းမှုကို စုံစမ်းစစ်ဆေးဖို့ NUG ဝန်ကြီးချုပ်ပြော

မတ်၊ ၃၀
 
စစ်ကိုင်းတိုင်း၊ ဝက်လက်ဒေသအတွင်းမှာ လက်နက်ဖိုးလို့ဆိုကာ ဒေသအခြေစိုက် PDF တပ်ရင်းက တအိမ်ကျပ်နှစ်သောင်းတောင်ယူမှုကို စုံစမ်းစစ်ဆေးဖို့နဲ့ အလားတူထပ်မဖြစ်အောင် စီမံဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ပြည်ထောင်စုဝန်ကြီး ချုပ်မန်းဝင်းခိုင်သန်းက ညွှန်ကြားလိုက်ပါတယ်။
 
” ဒီလအတွင်းမှာ မီဒီယာပေါ်ထိ တက်လာတဲ့ ကိစ္စတွေရှိနေသလို တိုင်စာတက်လာတဲ့ ကိစ္စတွေလည်း ရှိ​နေပါတယ်” လို့ NUG ဝန်ကြီးချုပ်က ပြောပါတယ်။
 
NUG အစိုးရအဖွဲ့ရဲ့ ကြားကာ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအ စည်းအဝေးကို ဒီကနေ့ ပြုလုပ်ရာမှာ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အငြင်းပွားဖွယ်မြေပြင်အခြေအနေတချို့ကို ဖြေရှင်းဖို့ ထည့်ပြောခဲ့တာပါ။
 
အဲ့ဒီအစည်းအဝေးမှာ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ရေစကြိုပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ဗဟိုကော်မတီတာဝန်ရှိသူတွေကြား တင်းမာနေတာ၊ ဝက်လက် PDF က လက်နက်ဖိုးလို့ဆိုကာ ငွေတောင်းတာ၊ ပခုက္ကူမှာ ဖမ်းဆီးပြီး ငွေကြေးတောင်းခံမှုတွေရှိနေတာ စတဲ့ ဖြစ်ရပ်တွေကို စုံစမ်းဖို့ပြောခဲ့ပါတယ်။
 
ဝက်လက်မြို့နယ်အရှေ့ခြမ်းက ကျေးရွာတွေကို NUG လက်အောက်ခံရွှေဘိုခရိုင် ဝက်လက် PDF တပ်ရင်း (၂)လျှပ်စီးပြောက်ကျားတပ်ဖွဲ့က လက်နက်ဖိုးအဖြစ် တအိမ် ကျပ်နှစ်သောင်း (၁၀)ရက်အတွင်းပေးဖို့ တောင်းတယ်လို့ ဝက်လက်ဒေသခံတွေက DNA ကို ပြောထားပါတယ်။
 
“ ကျွန်တော်တို့ကို တအိမ် နှစ်သောင်းနှုန်းနဲ့ ဆယ်ရက်အတွင်း ပေးရမယ်လို့ ပြောလာတယ်၊ ကျွန်တော်တို့ရွာက စစ်ကောင်စီက ခဏခဏဝင်ထွက်ခံနေရတော့ လုပ်ရကိုင်ရတာ မပြေလည်ဘူး၊ သူတို့တွေ (ကာကွယ်ရေးတပ်ဖွဲ့ဝင်)ကိုကျွန်တော်တို့က ချစ်လည်းချစ်ပါတယ်၊ ပေးလဲပေးချင်ပါတယ်၊ ဒါပေမယ့်ကျွန်တော်တို့ မပြေလည်ကြတာ ” လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
 
ရွှေဘို PDF တပ်ရင်း(၂) လှုပ်ရှားရာ ဝက်လက်အရှေ့ခြမ်းရွာတွေဖြစ်တဲ့ ငါးပတ်ချောင်းရွာ၊ ဘုရားလေးကုန်းရွာ၊ ရေလည်မော်ရွာ၊ အောင်သပြေရွာ အပါအဝင် ရွာများအပြားမှာ တအိမ်ကျပ်နှစ်သောင်းပေးကြရတယ်လို့ သူကဆိုပါတယ်။
 
ဒီအခြေအနေနဲ့ပတ်သက်လို့ လျှပ်စီပြောက်ကျားတပ်ဖွဲ့ကို DNA က ဆက်သွယ်မေးမြန်းရာမှာတော့ ငွေကြေးကောက်ခံခိုင်းတာမျိုး မဟုတ်ဘူးလို့ အဲ့ဒီတပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။
 
“ ကျွန်တော့်အနေနဲ့က ငွေကြေးမကောက်ခံခိုင်းပါဘူး၊ ရွာတွေကို လှည့်လည်စည်းရုံးရေးဆင်းတဲ့အခါမှာ ရွာတွေအနေနဲ့ မိုင်းကွင်းလုပ်ရမယ်၊ ကျေးရွာတွေမှာ အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့ထားတာ ကင်းပဲစောင့်နိုင်တယ်၊ တကယ်တမ်းဖြစ်လာရင် ဘာမှမလုပ်နိုင်ဘူး၊ တပ်ရင်း (၂)ဆီပဲရောက်လာကြတယ်၊ တခြားရွာတွေမှာတော့ တအိမ်ကို နှစ်သောင်းကျတယ်လို့ ပြောပြတယ် ” လို့ သူကဆိုပါတယ်။
မတ်၊ ၃၀