သရုပ်ဆောင်ဒေါင်းမွေးနေ့အတွက် ပရိသတ်တွေက တော်လှန်ရေးအင်အားစုတွေကိုလှူ

မတ်၊ ၃၀
 
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး နွေဦးတော်လှန်ရေးအင်အားစုတွေကို အားပေးထောက်ခံနေတဲ့ သရုပ်ဆောင်ဒေါင်းရဲ့မွေးနေ့အထိမ်းအမှတ်အဖြစ် သူ့ရဲ့ပရိတ်သတ်တွေက တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ရှောင်တွေကို ကူညီလှူဒါန်းမှုတွေ လုပ်ခဲ့ကြပါတယ်။
 
ပရိသတ်တွေက မွေးနေ့အထိမ်းအမှတ်အဖြစ် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ကရင်နီစစ်ရှောင်တွေအတွက် စုစုပေါင်းကျပ်သိန်းသုံးဆယ်ဝန်းကျင် လှူဒါန်းခဲ့တဲ့မှတ်တမ်းတွေကို သရုပ်ဆောင် ဒေါင်းက သူ့လူမှုကွန်ရက်မှာ ပြန်လည်ဝေမျှထားပါတယ်။
 
သရုပ်ဆောင်ဒေါင်းရဲ့ပရိသတ်တွေက လှူဒါန်းခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထဲ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စခန်းစီးနင်းဖျက်ဆီးခံလိုက်ရတဲ့ ပခုက္ကူခရိုင်တပ်ရင်း ၁၄ တပ်ခွဲ ၂ လည်းပါဝင်ပါတယ်။ ဒီစခန်းက ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေအတွက် အာဟာရဒါနလှူဒါန်းခဲ့တာလို့ သိရပါတယ်။
 
ပခုက္ကူခရိုင်တပ်ရင်း ၁၄ တပ်ခွဲ ၂ တပ်ဖွဲ့ဝင်တွေကလည်း အာဟာရဒါနအဖြစ် လှုဒါန်းငွေထဲကနေ ဒေါင်းအတွက် မွေးနေ့အထိမ်းအမှတ် ဆုတောင်းမှု ပြန်လုပ်ပေးခဲ့ပါတယ်။
 
သရုပ်ဆောင်ဒေါင်းဟာ မတ်လ ၃၀ ရက်မှာ အသက် ၃၃ နှစ်ပြည့်တာဖြစ်ပြီး သူ့ပရိသတ်တွေက ဒေါင်းရဲ့နာမည်နဲ့ Project ဝရဇိန် ၊ စည်းရိုး စတဲ့နေရာတွေအပါအဝင် မြေပြင်အဖွဲ့အစည်းတချို့ကို လှူဒါန်းပေးခဲ့ကြတာပါ။
 
ဒီလိုလှူဒါန်းပေးတဲ့အပေါ် ကျေးဇူးတင်ကြောင်းနဲ့ ခွန်အားဖြစ်ရတဲ့အကြောင်း သရုပ်ဆောင်ဒေါင်းက သူ့ရဲ့လူမှုကွန်ရက်မှာ ပြန်လည်ရေးသားထားပါတယ်။