မတ်၊ ၃၀
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်အတွင်းက အလယ်ခုံကျေးရွာမှာ မတ်လ ၃၀ရက် မနက် ၆နာရီက စစ်ကောင်စီက ဒေသခံစစ်ရှောင်တဦးကို သတ်ဖြတ်ခဲ့တဲ့အပြင် အသက်မပြည့်သေးတဲ့ ၁၃ နှစ်အရွယ် ကလေးငယ်တဦးကိုပါ ဖမ်းဆီးသွားခဲ့တယ်လို့ ကျွန်းလှတတ်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
“ မနေ့က ညက ခလရ (၁၃၇)က စစ်ကြောင်းက အလယ်ခုံမှာ ညအိပ်တာ။ မနက် ၆နာရီလောက်က ရွာတောင်ပိုင်းကို စစ်ကြောင်းထိုးတာ။ တောထဲက စစ်ရှောင်တဲတိုက်တွေမှာ စစ်ရှောင်နေတုန်းမှာ တဲပေါ်က နေခုန်ချထွက်ပြေးချိန် စစ်ကြောင်းနဲ့တိုးမိပြီး ၂၂အရွယ်ကောင်လေးတယောက်ကို ဖမ်းပြီး ခေါင်းကိုပစ်သတ်သွားတာ။ မျက်နှာနဲ့ ခေါင်းတခြမ်းပွင့်ထွက်သွားတယ်။ ၁၃နှစ်အရွယ်ကောင်လေးကိုလဲ ဖမ်းခေါ်သွားသေးတယ် ” လို့ ကိုးတောင်ဘို့တိုက်နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)တာဝန်ခံဂျောင်ဒေအွန်က DNA ကိုပြောပါတယ်။
သေဆုံးသူရဲ့နားရေးကိုတော့ နယ်မြေမငြိမ်သတ်မှုတွေကြောင့် ရွာထဲကို ဝင်မရလို့ ရပ်မိရပ်ဖတွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)တွေက ရွာဓလေ့ရပ်ဓလေ့အရ ဆောင်ရွက်ခဲ့ရတယ်လို့ သူကဆိုပါတယ်။
အလယ်ခုံကျေးရွာဟာ အိမ်ခြေ ၄၁၈အိမ်ဖြစ်ပြီး လူဦးရေ ၁၇၀၀ ဝန်းကျင်နေထိုင်ပါတယ်။ ပြီးခဲ့တဲ့၂၀၂၂ခုနှစ်၊ ဇွန်လနဲ့ အောက်တိုဘာလတို့မှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၇၀ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
လက်ရှိမှာ ချပ်သင်၊ အလယ်ခုံ၊ ကန်ကြီး၊ အင်ငုတ်တို၊ တမဂုံ၊ ဆင်ဂေါင်း အစရှိတဲ့ရွာတွေအပြင် ကျေးရွာ ၈ ရွာက ဒေသခံ ၈၀၀၀ခန့် စစ်ရှောင်နေရတယ်လို့ သိရပါတယ်။
စစ်ရှောင်တွေအနေနဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးကို အဓိကအကူအညီလိုနေပြီး နွေရာသီပူပြင်းချိန် စတင်ရောက်ရှိနေပြီဖြစ်တာကြောင့် ရေရှားပါးမှုပြဿနာကိုလဲ ရင်ဆိုင်နေကြရပါတယ်။
လက်ယက်တွင်းကရေကိုသာ သောက်သုံးရတာကြောင့် ဒေသခံတွေအနေနဲ့ သောက်သုံးရေမသန့်ရှင်းမှုကြောင့်ဖြစ်ပွားလာမယ့်ရောဂါတွေကိုလည်း စိုးရိမ်နေကြရပါတယ်။
ကိုးတောင်ဘို့တိုက်နယ်အတွင်းမှာ ကျေးရွာ ၂၃ ရွာရှိပြီး ကျေးရွာအများစုမှာ လွန်ခဲ့တဲ့တနှစ်ဝန်းကျင်ကတည်းက စစ်ရှောင်နေကြရပြီး အချို့ကျေးရွာတွေမှာ ရွာမှာပြန်လည်နေထိုင်လို့မရတဲ့အထိ ပျက်စီးသွာခဲ့တဲ့အတွက် နီးစပ်ရာ တောတိုက်တွေထဲမှာပဲ ယာယီတဲထိုးပြီး နေထိုင်ကြရပါတယ်။
အလယ်ခုံကျေးရွာဟာ အမြဲတမ်းစစ်ရှောင်ရတဲ့ ကျေးရွာစာရင်းမှာ မပါဝင်ပေမယ့် စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာရင်အိုးအိမ် စွန့်ခွာပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်တွေ ပြန်လည်ထွက်ခွာပြီးမှ ပြန်လည်ဝင်ရောက်နေထိုင်ရကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
စစ်ကောင်စီအာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၀ ရက်အထိ သေဆုံးသူ ၃၁၈၅ ဦး ရှိပြီး ၁၇၀၆၇ ဦး ဖမ်းဆီးထားပါတယ်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်အထိ ဘာသာရေးအဆောက်အအုံအပါအဝင် အိမ်ပေါင်း ၆၀၄၅၉ မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကိုင်းတိုင်းက ၄၇၇၇၈ လုံး ပါဝင်ပါတယ်။
စစ်အုပ်ချုပ်ချုပ်ရေးကြေညာထားတဲ့ မြို့ပေါင်း ၄၇ မြို့နယ်မှာ စစ်ကိုင်းက ၁၄ မြို့နယ်ပါဝင်ပြီး စစ်ရှောင် ၁ ဒဿမ ၇ သန်းကျော်မှာလည်း လူဦးရေ ရှစ်သိန်းနီးပါး ပါဝင်နေပါသေးတယ်။
ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့