သထုံခရိုင်မှာ လက်နက်ကြီးကြောင့် နှစ်ရက်အတွင်း အရပ်သားနှစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ

မတ်၊ ၃၀
 
မွန်ပြည်နယ်၊ သထုံခရိုင်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက နှစ်ရက်အတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား နှစ်ဦးသေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
သေဆုံးခဲ့သူတွေဟာ သထုံမြို့နယ်က အသက်လေးဆယ်ကျော်အရွယ် ဦးစိန်သောင်းနဲ့ ဘီးလင်းမြို့နယ်က အသက်ငါးဆယ်ကျော်အရွယ် ဒေါ်ပုတိုတို့ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“ ကဇိုင်းရွာထဲကို လက်နက်ကြီးနဲ့ ရမ်းပစ်တာ၊ စစ်တပ်တွေကလေ၊ ဘာတိုက်ပွဲမှတော့ မဖြစ်ဘူး၊ ဒီအတိုင်းပစ်တာပဲ၊ တဦးသေတယ်၊ နောက်ဒီနေ့မှာပေါ့၊ ဘီးလင်းမြို့နယ် အလူးဘက်မှာ စစ်ကောင်စီကား ကြားဖြတ်တိုက် ခိုက်ခံရတယ်၊ အဲဒါသူတို့က စစ်သားတွေက ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးက အလူးနဲ့ ဝင်းပြန်ရွာထဲကို လက်နက်ကြီးလက်နက်ငယ်တွေ ပစ်လိုက်တာ သက်ကြီးပိုင်း အမျိုးသမီးတဦး သေတယ် ” လို့ဒေသခံတဦးက ပြောပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်မှုကြောင့် ဘီးလင်းမြို့နယ်က အသက် ၈၀ ကျော်အရွယ်အဖွားအို အပါအဝင် သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် သထုံမြို့နယ်က အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတဦးလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် သထုံခရိုင်မှာ နှစ်ရက်အတွင်း အရပ်သား နေအိမ် ၃၀ ကျော် ထိခိုက်ပျက်စီးခဲ့တဲ့အပြင် အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ ကြက်၊ ဝက်၊ နွားတွေလည်း ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်ကလည်း ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာ စစ်တောင်းတံတားအနီးက စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုမှာ အရပ်သားတဦး အပါအဝင် လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အဲ့ဒီဂိတ်အနီးမှာ နေထိုင်သူတွေက ပြောပါတယ်။
 
သထုံခရိုင်အတွင်း KNU , PDF ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ဖွဲ့တွေရှိတဲ့နေရာတွေကို မကြာမကြာ တိုက်ခိုက်တာကြောင့် စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံး များနေသလို စစ်ကောင်စီဘက်ကလည်း KNU ပူးပေါင်းတပ်ဖွဲ့တွေ လာရာလမ်းကြောင်းနဲ့ နယ်မြေလှုပ်ရှားရာ ဒေသတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်လေ့ရှိပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေဟာ အရပ်သားတွေ နေထိုင်ရာ နေအိမ် အဆောက် အဦးတွေအပေါ် ကျရောက်ပေါက်ကွဲလေ့ရှိပြီး ထိခိုက်သေဆုံးမှုတွေလည်း ဆက်တိုက်ရှိနေတာပါ။
ဓာတ်ပုံ – CINCDS