မတ်၊ ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့မှာ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်အုပ်စုတို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့အရပ်သား ၄၀၀၀ ခန့်ရှိပြီး ဖျားနာတာတွေဖြစ်နေတဲ့အတွက် အရေးပေါ် ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီနေတဲ့ သူတွေက ပြောပါတယ်။
ပင်လောင်းမြို့က စစ်ရှောင်စခန်းတွေမှာ သောက်သုံးရေ မသန့်တာကြောင့်နဲ့ ရာသီဥတုအေးတဲ့ ဒဏ်တွေကြောင့် စစ်ရှောင်တွေမှာ နှာစေး၊ ချောင်းဆိုးတာတွေဖြစ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတဦးက ပြောပါတယ်။
” ဖျားတာကတော့ တော်တော်ဖျားကြတယ်။ အယောက် ၃၀၀ ရှိတယ်ဆိုရင် တဝက်လောက်က ဖျားကြတယ်။ ချောင်းဆိုးရင်လည်း လိုက်ကူးသွားတာပေါ့၊ သူတို့နေတာက တနေရာတည်း အတန်းလိုက် အိပ်ကြရတာဆိုတော့ ကူးတာမြန်တယ် ” လို့ သူကပြောပါတယ်။
လတ်တလောမှာ ဖျားနေတဲ့လူတွေကို နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ အဖွဲ့တွေက လိုက်ပြီး ကုသပေးနေပေမယ့် ဆေးအလုံအလောက်မရှိတဲ့အတွက် အခက်အခဲတွေရှိတယ်လို့ ဆိုကြပါတယ်။
ပင်လောင်းမြို့မြောက်ပိုင်းမှာ လတ်တလော စစ်ရှောင်တွေ တိုးလာတဲ့အတွက် တချို့က စစ်ရှောင်စခန်းလို လုပ်ထားတဲ့ ဘုန်းကြီးကျောင်းတွေမှာ နေတာရှိသလို တချို့ကလည်း နီးစပ်ရာ ဆွေမျိုးတွေဆီမှာ နေထိုင်ကြတာလည်း ရှိတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။
” ကျနော်တို့ဖက်မှာ စစ်ရှောင်စခန်း ၁၄ ခုရှိတယ်။ ဒေတာတွေက ကောက်နေတုန်းရှိသေးတယ်။ ခန့်မှန်းချေတော့ ၄၀၀၀ လောက်ရှိတယ်။ ရွာတွေကလည်း အတော်များတယ်။ တရွာလုံးထွက်ပြေးလာတဲ့ ရွာက ၄ ခုလောက်ရှိတယ်။ အိမ်ခြေ တထောင်လောက်ရှိတယ်၊ လောလောဆယ်မပြန်နိုင်ကြသေးလို့ စစ်ရှောင် စခန်းမှာပဲ အဆင်ပြေသလိုနေကြတယ် ” လို့ သူကပြောပါတယ်။
ပင်လောင်းမြို့တောင်ဖက်နဲ့ အနီးတဝိုက်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ကတည်းက တိုက်ပွဲတွေ စတင်ဖြစ်ပေါ်ခဲ့ပြီး နေစဉ်ဆိုသလို တိုက်ပွဲတွေဖြစ်နေတာ တလကျော်လောက်ရှိပြီလို့ ဒေသခံတဦးက ပြောပါတယ်။
” ပင်လောင်းတောင်ဖက်က လူတွေကျတော့ အကူအညီတွေသိပ်မရကြဘူး။ အလုပ်တွေလည်းရှားတော့ စားနပ်ရိက္ခာတွေ တအားလိုအပ်တယ်။ စစ်ကောင်စီက ဂိတ်တွေမှာ တအားစစ်တယ်၊ ဘာတွေသယ်လာသလဲပေါ့။ အကန်အသတ်နဲ့ သယ်ခိုင်းတယ်။ ဆေးလည်းအကန့်အသတ်နဲ့ ဝယ်ရတယ်။ အများကြီးပါတယ်ဆိုရင် သူတို့ထောက်ခံချက်နဲ့ ရောင်းတာ သယ်တာလုပ်ရတယ် ” လို့ သူကပြောပါတယ်။
မြန်မာနိုင်ငံမှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူပေါင်း ၁ ဒဿမ ၇ သန်းဝန်းကျင်ရှိပြီး နိုင်ငံလူဦးရေရဲ့ သုံးပုံတပုံဖြစ်တဲ့ လူပေါင်း၁၇ သန်းကျော်ဟာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်အထိ စစ်ကောင်စီက မီးရှို့လို့ ဘာသာရေးအဆောက်အအုံအပါအဝင် အိမ်ခြေပေါင်း ၆၀၄၅၉ လုံး ပျက်စီးခဲ့တယ်လို့ သုတေသနအဖွဲ့တခုဖြစ်တဲ့ Data For Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – CJ