မြောင်မြို့နယ်က PDF စခန်းတခုစီးနင်းတိုက်ခိုက်ခံရပြီး ဒုတပ်ရင်းမှူးကျဆုံး

မတ်၊ ၃၀

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ်စခန်းတခုကို စစ်ကောင်စီက ဒီကနေ့ မတ်လ ၃၀ရက် မနက်ပိုင်းမှာ စီးနင်းတိုက်ခိုက်ခဲ့ပြီး ဒုတပ်ရင်းမှူးတဦးကို ပစ်ခတ်သတ်ဖြတ်ကာ ဦးခေါင်းကိုလည်း ခုတ်ဖြတ်ယူသွားတယ်လို့ မြောင်ပြည်သူ့ကာကွယ်ရေးတပ် CDSOM က ကိုနွေဦးမြောင်က DNA ကိုပြောပါတယ်။
 
လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းကမှ မြောင်မြို့နယ်အတွင်းက ထွက်သွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မနေ့ကစလို့ မြောင်နယ်ထဲပြန်ဝင်လာတာဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းမှာ ဆွဲလွဲအိုရွာ အနီးက စစ်ကိုင်းခရိုင်၊ PDF တပ်ရင်း(၁)ရဲ့ စခန်းကို စီးနင်းတိုက်ခိုက်ခဲ့တာပါ။
 
” မနက် ငါးနာရီခွဲမှာ စခန်းကို အဝိုင်းခံရတယ်၊ လက်နက်မရှိတော့ ပြန်ပစ်စရာမရှိတော့ တဖက်သတ်အပစ်ခံရတာ၊ တောက်လျောက်ပစ်ဝင်လို့ ပြေးကြရင်း သူက ရှေ့ရောက်နေတာ၊ အဲ့မှာ ရဲဘော်တယောက်ကို ဆွဲထူရင်း သူပါမိသွားခဲ့တယ် ” လို့ ကိုနွေဦးမြောင်က ပြောပါတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ၊ စစ်ကိုင်းခရိုင်၊ PDF တပ်ရင်း (၁)ရဲ့ ဒုတပ်ရင်းမှူး ကိုဆင်ရိုင်းကို စစ်ကောင်စီက ပစ်သတ်သွားတဲ့အပြင် ဦးခေါင်းကိုပါ ခုတ်ဖြတ်ယူသွားတာကြောင့် ခေါင်းမပါတဲ့ရုပ်အလောင်းကိုပဲ သင်္ဂြိုလ်လိုက်ရတယ်လို့ သိရပါတယ်။
 
PDF စခန်းကို စီးနင်းခဲ့တဲ့စစ်ကြောင်းဟာ မြင်းမူဘက်ကနေ မတ်လ ၂၉ ရက်မှာ မြောင်မြို့နယ်ထဲကို ဝင်ရောက်လာတာဖြစ်ပြီး လက်ယက်မကြီးကျေးရွာက ဘုန်းကြီးကျောင်းမှာ တပ်စွဲညအိပ်ခဲ့ပြီးနောက် ဒီကနေ့မနက်မှာ အနီးဝန်းကျင်ကို စစ်ကြောင်းထိုးနေတာလို့ သိရပါတယ်။
 
” ဆွဲလွဲအိုကျေးရွာကို ဝင်တယ်၊ ရွာထဲရောက်တော့မှ လက်နက်တွေ ပစ်ခတ်တာတွေလုပ်ခဲ့တယ်၊ ပြည်သူတွေကတော့ လောလောဆယ်သုံးယောက်အဖမ်းခံရတယ်လို့ သိရတယ်၊ သူတို့နဲ့ပတ်သတ်တာတော့ အခုထိ မသိရသေးပါဘူး ” လို့ မြောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ဆွဲလွဲအိုရွာကို စီးနင်ပြီးနောက် စစ်ကောင်စီတပ်တွေက ဆက်လက်စစ်ကြောင်းထိုးနေတာကြောင့် မြောင်မြို့နယ်ထဲက အနီးဝန်းကျင်ကျေးရွာတွေဖြစ်တဲ့ နဘတ်၊ ကင်းရွာ၊ ရွာသစ်၊ ဖွားစော၊ ဆွဲလွဲအို၊ ပေါက်တော အရှေ့၊ အနောက်၊ လက်ယက်မ စတဲ့ ရွာရှစ်ရွာက ဒေသခံပြည်သူ တသောင်းဝန်းကျင်လောက် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပြီး အရေးပေါ် စားရေရိက္ခာတွေလဲ လိုအပ်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – CDSOM