မတ်၊ ၃၀
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကင်မွန်းချုံရွာက အိမ်ခြေပေါင်း ၁၂၃ အိမ်ကို စစ်ကောင်စီတပ်တွေက မီးရှို့ခဲ့တဲ့အတွက် လူဦးရေ ငါးရာဝန်းကျင် အိုးမဲ့အိမ်မဲ့ဖြစ်ကာ စစ်ရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ ဒီဘက်က ထောက်ပို့လမ်းကြောင်းတွေကို ဖျက်ထားတော့ ရိက္ခာတွေပြတ်နေတာ။ ဆေးဝါးအခက်ခဲမှာက သက်ကြီးရွယ်အိုတွေရှိတယ်။ လေဖြတ်နေတဲ့ အဖိုးအဖွားတွေရှိတယ်။ ပြီးတော့ကျ ကိုယ်ဝန်ဆောင်တွေရှိတယ်။ ကလေးသူငယ်တွေလဲ တော်တော်များတော့ ဆေးဝါးအကူညီလိုအပ်နေတယ် ” လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တာဝန်ခံ ကိုပျံလွှားက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်၊ မနက် ၇ နာရီဝန်းကျင်မှာ အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီး ကင်းမွန်းချုံရွာကို ဝင်ရောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေ့လည်ပိုင်းမှာ ရွာကို မီးရှို့သွားတာကြောင့် လူဦးရေ ၅ဝဝလောက်စစ်ရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
“ သူတို့က လက်နက်ကြီးအများအပြားပစ်ခတ်ပြီး စီးနင်းဝင်ရောက်တာ။ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြန်လည်ခုခံထားပြီးတော့ ရွာသူရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးနိုင်အောင် ကူညီဆောင်ရွက်ပေးခဲ့တယ် “ လို့ စလင်းမြို့နယ် ပကဖတာဝန်ခံ ကိုပျံလွှားက DNA ကိုပြောပါတယ်။
တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ဒဏ်ရာရမှု အခြေအနေကို မသိရသေးပါဘူး။
စစ်ကောင်စီတပ်တွေမီးရှို့လို့ အိမ်ခြေ ၁၃၈ အိမ်နဲ့ လူဦးရေ ၅၀၀ ကျော်ရှိတဲ့ ကင်ပွန်းချုံရွာမှာ ၁၅ အိမ်သာ အကောင်းပကတိ ကျန်ရှိခဲ့ပြီး မီးဘေးသင့်အရပ်သားတွေအတွက်လည်း မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)အဖွဲ့တွေ ပူးပေါင်းကာ ကူညီထောက်ပံ့ရေး ဆောင်ရွက်နေရပါတယ်။
စလင်းမြို့နယ်ထဲမှာ ယခင်က စစ်ရှောင်ရတာရှိပေမယ့် ကျေးရွာတွေမီးရှို့ခံရတာဟာ အခုကပထမဆုံးအကြိမ်ဖြစ်ပြီး အရင်စစ်ရှောင်တွေနဲ့ အခုစစ်ရှောင်တွေပေါင်းရင် ၆၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
” ဒီဘက်မှာက ဒါပထမဆုံးဖြစ်တာ စစ်ရှောင်တာတော့ ရှောင်ဘူးတယ်။ မီးရှို့တာတွေ ဘာတွေက ခုမှ ပထမဆုံးကြုံဖူးတာ။ နောက်ပြီးတော့ ဖေ့ဘုတ်ပေါ်မှာ စစ်ကြောင်းဝင်လာရင် သတ်တာတွေဘာတွေမြင်ထားတော့ ကြောက်ပြီး တောတွေတောင်တွေထဲကို ပြေးကြပုန်းကြရတာ။ အခုတော့ ရွာကိုမီးရှို့သွားတော့ ပြန်စရာအိမ်လဲမရှိ၊ တောထဲမှာပဲနေကြရမှာ ” လို့ အနီးဝန်းကျင်ကျေးရွာတရွာက ဒေသခံတဦးက ပြောပါတယ်။
စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်အထိတနိုင်ငံလုံးမှာ ဘာသာရေးအဆောက်အအုံအပါအဝင် အိမ်ခြေပေါင်း ၆၀၄၅၉ လုံးမီးရှို့ခံထားရပြီးမကွေးတိုင်းက ၉၀၁၉ လုံးပါဝင်ပါတယ်လို့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ရှောင်စုစုပေါင်း ၁ ဒဿမ ၇ သန်းကျော်မှာ မကွေးတိုင်းက ၂၄၅ ၀၀၀ ကျော်ပါဝင်တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ – Salin PDF