မတ်၊ ၂၉
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)ရဲ့ ဒုတိယဥက္ကဌဖြစ်တဲ့ ကိုဝေယံဖြိုးမိုးကို စစ်ကောင်စီရဲ့ထောင်အာဏာပိုင်တွေက အင်းစိန်အကျဥ်းထောင်ကနေ သာယာဝတီအကျဥ်းထောင်ကို ပြောင်းရွှေ့ခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ်ရဲ့ပြန်ကြားရဲ့တာဝန်ခံက DNA ကိုပြောပါတယ်။
“ ဘာ့ကြောင့် ရွှေ့တာလဲ အသေးစိတ်တော့ မသိရဘူး။ ထောင်အာဏာပိုင်တွေက ဒီတိုင်းပဲ ရွှေ့လိုက်တာဖြစ်ပုံရတယ်။ ကျန်းမာရေးတော့ ကောင်းတယ်လို့ ကြားရပါတယ် ” လို့ ပြန်ကြား ရေးတာဝန်ခံက ပြောပါတယ်။
အခုလို ကိုဝေယံဖြိုးမိုး အကျဥ်းထောင်ပြောင်းရွှေ့တာဟာ ပုံမှန်ပြောင်းရွှေ့မှုသာဖြစ်ပြီး ပြောင်းရွှေ့ရာမှာတော့ ကိုဝေယံဖြိုးမိုးနဲ့ နိုင်ငံရေးအကျဥ်းသားတဦးအပါအဝင် တခြားပြစ်မှုနဲ့ပြစ်ဒဏ်ကျ အကျဥ်းသားဆယ်ဦးခန့်ပါဝင်တယ်လို့ အင်းစိန်ဗဟိုအကျဥ်းထောင်နဲ့နီးစပ်တဲ့တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။
” ကျွန်တော်သိရသလောက်တော့ အားလုံး ဆယ်ဦး။ ကိုဝေဖြိုးမိုးရယ်၊ နောက်ထပ်နိုင်ကျဥ်းတဦးရယ်။ ရိုးရိုးပြစ်မှုနဲ့ အကျဥ်းကျတဲ့ အကျည်းသားတွေရယ်ပေါ့။ မနက် ၇နာရီလောက်က ပြောင်းလိုက်တာလို့တော့ သိရတယ် ” လို့ အင်းစိန်ဗဟိုအကျဥ်းထောင်နဲ့ နီးစပ်တဲ့ တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။
ဗကသများအဖွဲ့ချုပ်၏ ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးသည် ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့မှာ GSC (ပူးပေါင်း) သပိတ်စစ်ကြောင်းကို အကြမ်းဖက်ပစ်ခတ် ဖြိုခွဲချိန်မှာ စစ်ကောင်စီတပ်တွေက ရိုက်နှပ်ဖမ်းဆီးတာဖြစ်ပါတယ်။
ဖမ်းဆီးခံရချိန်အတွင်းနဲ့ မတရားချုပ်နှောင်ခံထားရချိန် တလျှောက်လုံးမှာလည်း ထောင်တွင်းညှဉ်းပမ်းနှိပ်စက်မှုတွေ အကြိမ်ကြိမ်ခံခဲ့ရတယ်လို့လည်း ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။
အဲ့ဒီနောက် ကိုဝေယံဖြိုးမိုးကို ကျောက်တံတား၊ ကမာရွတ်နဲ့ မရမ်းကုန်းမြို့နယ် တရားရုံးတွေက ပုဒ်မ ၅၀၅ (က)နဲ့နှစ်မှု၊ ငြိမ်းစုစီပုဒ်မနဲ့ အမှုနှစ်မှု၊ ပုဒ်မ ၅၀၅ (ခ) ပုဒ်မတမှုနဲ့ တရားစွဲဆိုခဲ့ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ်နဲ့ ၃ လ အမိန်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
အမိန့်ချမှတ်ပြီးနောက် အင်းစိန်ထောင်မှာ ၂ နှစ်ကျော်ကြာ မတရားဖမ်းဆီး ချုပ်နှောင်ထားခဲ့ပြီးမတ်လ ၂၅ ရက်နေ့မှာ သာယာဝတီထောင်ကို ပြောင်းရွှေ့လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းချိန်းကနေ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်အထိ စစ်ကောင်စီက ဖမ်းဆီးထားသူ ၁၇၀၄ဝ အနက် ၅၂၄၁ ဦးကတော့ ထောင်ဒဏ်ချမှတ်ခံရပြီး ၃၈၄၄ ဦး ပြန်လည်လွတ်မြောက်လာတယ်လို့ ထုတ်ပြန်ထားပါတယ်။
သေဒဏ်စီရင်ခံရသူ ၄ ဦးအပါအဝင် သေဆုံးသူ ၃၁၇၁ ဦး၊ ထောင်တွင်းမှာ သေဒဏ်နဲ့ ထိန်းသိမ်းခံထားရသူ ၁၀၈ ဦးနဲ့ မျက်ကွယ်သေဒဏ်စီချမှတ်ခံထားရသူ ၄၂ ဦးစုစုပေါင်း သေဒဏ်ချမှတ်ခံထားရသူ ၁၅၀ ဦး ဖြစ်တယ်လို့လည်း သိရပါတယ်။