မတ်၊ ၂၉
တနင်္သာရီတိုင်း၊ ထားဝယ်နည်းပညာတက္ကသိုလ်လျှပ်စစ်စွမ်းအားမေဂျာကျောင်းသားနှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၁၀(ည)နဲ့ ထောင်ဒဏ် ၁၀ နှစ် အမိန့်ချလိုက်တယ် လို့ မိသားစုနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။
“ မနေ့ကပါ။ အမိန်ချလိုက်တာ။ ၁၀ နှစ်ပါ။နှစ်ယောက်လုံးပါပဲ။ အကြမ်းဖက်နဲ့ ခရိုင်တရားရုံးက အမိန့်ချလိုက်တယ်။” ဟု မိသားစုဝင်နဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။
ထောင်ဒဏ်အမိန့်ချမှတ်ခံရတဲ့သူတွေဟာ ထားဝယ်မြို့ခံတွေ ဖြစ်ကြတဲ့ ကိုအောင်ဝေယံထွန်းနဲ့ ကိုမျိုးမင်းဦးတို့ဖြစ်ကြပြီး သူတို့ကိုတော့ ပြီးခဲ့တဲ့၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ဒုတိယအပတ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေက နေအိမ်မှာ ဖမ်းဆီးခဲ့ကာခြောက်လကျော်အကြာမှာ ပြစ်ဒဏ်ချလိုက်တာပါ။
အဲနောက် စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)နဲ့ တရားစွဲဆိုခဲ့ပြီး မတ်လ ၂၈ ရက်က ထားဝယ်ခရိုင်တရားရုံးကနေ နှစ်ဦးစလုံးကို ထောင်ဒဏ် ၁၀ နှစ်ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။
အဲဒီအထဲက ကိုမျိုးမင်းဦးကဆိုရင် ထားဝယ်ခရိုင် ကျောင်းသားသမဂ္ဂဥက္ကဌဟောင်း တစ်ဦးဖြစ်သလို စစ်တပ်အာဏာသိမ်းမှုကို အလိုမရှိကြောင်း ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့အတွက် ၂၀၂၁ ခုနှစ်၊ မေလအတွင်း မှာ ပထမအကြိမ် စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ပုဒ်မ ၅၀၅ (က)၊ ၅၀၅ (ဂ)တို့နဲ့ တရားစွဲဆို ထောင်ချခံရပြီး ၆ လအကြာမှာ လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လည်လွတ်မြောက်လာခဲ့သူလည်း ဖြစ်ပါတယ်။
ထားဝယ်နိုင်ငံရေးအကျဉ်းသားများ ကွန်ယက်(DNPP)ရဲ့ ဇန်နဝါရီလ ၁ ရက်နေ့အထိ ထုတ်ပြန်ချက်အရ ထားဝယ်အကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀၉ ဦးနဲ့ အကျဉ်းသူ ၆၆ ဦးရှိပြီး အဲဒီအထဲမှာ ၃၄၅ ဦးက အမိန့်ချထားပြီး ကျန်တဲ့ ၃၀ ဦးကတော့ တရားရင်ဆိုင်နေရဆဲဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မတရားဖမ်းဆီးထောင်ချခံနေရတဲ့သူတွေဟာ အလွှာအသီးသီးက ဒီမိုကရေအရေးလိုလာသူတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ NLD ပါတီဝင်တွေ၊ တော်လှန်ရေး အင်အားစုတွေ အများဆုံးပါဝင်ကြပြီး သူတို့ကိုတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ၊ အကြမ်းဖက်မှုဥပဒေပုဒ်မ၊ နိုင်ငံတော်ပုန်ကုန်မှု အစရှိတဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
တနင်္သာရီတိုင်းအတွင်းမှာဆိုရင် စစ်ကောင်စီတပ်ဖွဲ့တွေက နိုင်ငံရေးအကျဉ်းသားတွေကို အနိမ့်ဆုံးပြစ်ဒဏ် ၂ နှစ်ကနေ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်တသက်အထိ ချမှတ်ထားတာဖြစ်ပြီး အများစုကတော့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
ဒါအပြင် ထားဝယ်အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေဟာဆိုရင် လူ့အခွင့်အရေးနဲ့ အကျဉ်းသားအခွင့်အရေးချိုးဖောက်ခံနေရ တာ၊ အစားအစာနဲ့ ဆေးဝါးကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝ မရရှိတာတွေအပြင် မတရားရိုက်နှက်တာခံရတာနဲ့ တိုက်ပိတ်ခံရတာ တွေ အစရှိတဲ့ နှိပ်စက်မှုတွေလည်းခံစားနေရတယ်လို့ ပြန်လည်လွတ်မြောက်လာသူတွေက ဆိုကြပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းချိန်းကနေ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်အထိ စစ်ကောင်စီက ဖမ်းဆီးထားသူ ၁၇၀၄ဝအနက် ၅၂၄၁ ဦးကတော့ထောင်ဒဏ်ချမှတ်ခံရပြီး ၃၈၄၄ ဦးပြန်လည်လွတ်မြောက်လာတယ်လို့ထုတ်ပြန်ထားပါတယ်။
သေဒဏ်စီရင်ခံရသူ ၄ ဦးအပါအဝင် သေဆုံးသူ ၃၁၇၁ ဦး၊ ထောင်တွင်းမှာ သေဒဏ်နဲ့ ထိန်းသိမ်းခံထားရသူ ၁၀၈ ဦးနဲ့ မျက်ကွယ်သေဒဏ်စီချမှတ်ခံထားရသူ ၄၂ ဦးစုစုပေါင်း သေဒဏ်ချမှတ်ခံထားရသူ ၁၅၀ ဦးဖြစ် တယ်လို့ လည်း သိရပါတယ်။
ဓာတ်ပုံ – Social Media