ဂီနီယာ ပင်လယ်ကွေ့မှာ ဒိန်းမတ် ရေယာဉ်တစီး ပင်လယ်ဓားပြတွေ စီးနင်းမှု ခံထားရ

မတ်၊ ၂၉

ဂီနီယာ ပင်လယ်ကွေ့ ဒေသမှာ ရေနံတင် သင်္ဘောတစီးကို ပင်လယ်ဓားပြတွေက စီးနင်းခဲ့ပြီး အဆက်အသွယ် ပြတ်တောက်နေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ကတည်းက အမှုထမ်း ၁၆ ဦး လိုက်ပါသွားတဲ့ ရေယာဉ်နဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း ရေကြောင်း သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ Monjasaက ထုတ်ပြန်ပါတယ်။ လိုက်ဘေးရီးယားမှာ မှတ်ပုံတင်ထားတဲ့ ဒိန်းမတ်ပိုင် သင်္ဘောမှာ အမှုထမ်းတွေဟာ အခန်းငယ် တခုထဲမှာ စုပေါင်း ထိန်းသိမ်း ခံထားရတယ်လို့လည်း ယုံကြည်ရပါတယ်။

ရေနံနဲ့ ဓာတုပစ္စည်းတွေ တင်ဆောင်ထားတဲ့ Monjasa Reformer ရေယာဉ်ဟာ ပင်လယ်ကွေ့နားမှာ ရပ်တန့်နေဆဲဖြစ်ပြီး ပင်လယ်ဓားပြတွေက အပြည့်အဝ ထိန်းချုပ်ထားပါတယ်။ သင်္ဘောဟာ ကွန်ဂိုနိုင်ငံရဲ့ နော်ရီ ဆိပ်ကမ်း အနောက်ဖက် ရေမိုင် ၁၄၀ လောက် အကွာမှာ ရပ်တန့်နေတယ်လို့ သိရပါတယ်။ 

အဲဒီသင်္ဘောကို ဒူဘိုင်းမှာ အခြေစိုက်ပြီး Monjasaရဲ့ လုပ်ငန်းခွဲ တခုဖြစ်တဲ့ Montec Ship Managementက ပိုင်ဆိုင်ထားပါတယ်။

လောလောဆယ်တော့ ကုမ္ပဏီက ပင်လယ်ဓားပြတွေနဲ့ ဆက်သွယ်ဖို့၊ ဒေသတွင်း နိုင်ငံတွေရဲ့ လုံခြုံရေးဌာန တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဖို့၊ သင်္ဘောသားတွေ ပြန်လည် လွတ်မြောက်ဖို့ ဘက်ပေါင်းစုံကနေ ကြိုးစားနေတယ်လို့ သိရပါတယ်။

စတုရန်း ကီလိုမီတာ ၁၁၀၀၀ လောက် ကျယ်ဝန်းပြီး အန်ဂိုလာနဲ့ ဆီနီဂေါ နိုင်ငံ ကမ်းရိုးတန်းတွေကြားမှာ တည်ရှိနေတဲ့ ဂီနီယာ ပင်လယ်ကွေ့ဟာ ကမ္ဘာပေါ်မှာ ပင်လယ်ဓားပြ အသောင်းကျန်းဆုံး ရေပြင်တခုလို့လည်း သတ်မှတ် ခံထားရပါတယ်။

ရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ အကြီးအကျယ် ထွန်းကားရာ ဒိန်းမတ်ဟာ ၂၀၂၁ ကစပြီး အဲဒီ ပင်လယ်ကွေ့မှာ ကုန်သွယ်ရေကြောင်း သင်္ဘောသွားလာမှုတွေကို ကာကွယ်ပေးဖို့ ဖရီးဂိတ် စစ်သင်္ဘောတစီး စေလွှတ်ထားခဲ့ပေမယ့် ယူကရိန်း စစ်ပွဲ ဖြစ်ပွားလာချိန်မှာတော့ အဲဒီ ရေယာဉ်ကို ပြန်လည် ဆင့်ခေါ်ခဲ့ရပါတယ်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတုန်းက ဒိန်းမတ် ရေတပ် ကင်းလှည့်ရေယာဉ် တစီးဟာ နိုက်ဂျီးရီးယား ကမ်းလွန်ရေပြင်မှာ ပင်လယ်ဓားပြတွေနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့တဲ့နောက် ဒိန်းမတ် ရေတပ်သားတွေက ပင်လယ်ဓားပြ ၄ ဦးကို ပစ်ခတ် ရှင်းလင်းခဲ့ရဖူးပါတယ်။

Ref: Al Jazeera