တာမွေမှာ လမ်းရှင်းနေတဲ့ယာဥ်ထိန်းရဲတွေ ဗုံးပစ်တိုက်ခိုက်ခံရပြီး ရဲမေတဦးထိခိုက်ဒဏ်ရာရရှိ

မတ်၊ ၂၈
 
ရန်ကုန်မြို့၊ တာမွေကြီး (က+ခ)ရပ်ကွက်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းရဲ့ လမ်းခွဆုံမှာ ယာဥ်ကြောရှင်းနေတဲ့ စစ်ကောင်စီလက်အောက်ခံ ယာဥ်ထိန်းရဲမေတဦး ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် ထိခိုက်မှုအချို့ရှိခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
 
ဒီကနေ့ မတ်လ ၂၈ရက်၊ မနက် ၁၀နာရီခန့်က တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင်ရပ်ကွက်ဘက်ကနေ မောင်းနှင်းလာတဲ့ မော်တော်ယာဉ်တစီးဟာ အရှေ့မြင်းပြိုင်ကွင်းလမ်းနဲ့ တောင်မြင်းပြိုင်ကွင်းလမ်းအနီးက လမ်းဆုံမှာ ယာဥ်ကြောပိတ်ဆိုမှုကို လမ်းရှင်းနေတဲ့ ယာဥ်ထိန်းရဲမေနှစ်ဦးနဲ့ ရဲတဦးတို့အနီးကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
” လမ်းရှင်းတာ အားလုံးသုံးယောက်၊ ရဲမေနှစ်ယောက်၊ ရဲတယောက်။ ဗုံးက တံတားပေါ်ကနေ ကျပြီးပေါက်တာ။ တည့်တည့်မကျလိုက်လို့ အစလောက်ပဲ ထိသွားတာ။ တည့်တည့်သာကျရင်တော့ သေမှာ ” လို့ ဖြစ်စဥ်ကို မျက်မြင်တွေ့ရှိသူ ဒေသခံတဦးက ပြောပါတယ်။
 
ပစ်ခတ်တိုက်ခိုက်ခံရမှုအပြီးမှာတော့ ထိခိုက်ဒဏ်ရာရရှိသူ ယာဥ်ထိန်းရဲမေကို အရေးပေါ်လူနာတင်ယာဥ်နဲ့ စစ်ဆေးရုံကို ပို့ဆာင်ခဲ့တယ်လို့ ဆိုပါတယ်။
 
” သူတို့ (Dcကားတစီး)ရောက်လာပြီး တံတားပေါ်တွေ၊ နောက်ပြီး သျှင်ပါကူဆေးရုံနဲ့ အဲဒီနားကဆိုင်တွေက CCTVတွေကို ကြည့်ပြီး လက်ပစ်ဗုံးနဲ့ပစ်သွားတဲ့ ကားအမျိုးအစားကို ရှာဖို့လုပ်တာတော့ ရှိတယ် ” လို့ အလုပ်သမားဆေးရုံအနီးရပ်ကွက်နေ ဒေသခံတဦးကလည်း ပြောပါတယ်။
 
ပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာမျိုး သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
 
ဒီတိုက်ခိုက်အပြီးမှာတော့ စစ်ကောင်စီတပ်ဘက်က CCTV မှတ်တမ်း ရရှိသွားပုံရပြီး ဒီအခြေအနေကိုတော့ DNA က သီးခြားအတည်မပြုနိုင်သေးပါဘူး။ ရန်ကုန်မြို့တွင်း လမ်းတွေမှာတော့ စစ်ကောင်စီတပ်တွေက ရှာဖွေနေတယ်လို့ သိရပါတယ်။
 
လက်ရှိမှာလည်း ရန်ကုန်မြို့တွင်းလမ်းတွေမှာ ယာဥ်ကြောပိတ်ဆို့တာတွေဖြစ်ပွားနေတယ်လို့လည်း အငှားယာဥ်မောင်းတွေက ပြောပါတယ်။
ဓာတ်ပုံ – CJ