မတ်၊ ၂၈
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့မှာ စစ်ကောင်စီတပ်တွေပစ်ခတ်မှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် အရပ်သား ကိုးဦးသေဆုံး၊ ငါးဦးဒဏ်ရာရရှိပြီး သေဆုံးသူအရေအတွက် တိုးလာ နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ခုကသေတဲ့အလောင်းတွေတွေ့နေရပေမယ့်မကောက်ရဲဘူး။ဘာကဘာဖြစ်လို့ဖြစ်မှန်းမသိဘူးဖြစ်ကုန်တာ။သူတို့ကလူရိပ်မြင်တာနဲ့ကိုပစ်နေတော့။စျေးတောင်ထွက်မဝယ်ရဲဘဲရှိတာလေးတွေနဲ့စားနေရတယ်။မရှောင်တဲ့သူတွေအကုန်ပိတ်မိနေတာပေါ့။သူတို့မြို့ထဲကိုဖမ်းလာတဲ့ထဲမှာကလေးပုစုခရုလေးတွေကအစပါတယ်။မြို့ပြင်ကရေသွယ်မြောင်းကိုဘတ်ဖိုးတွေနဲ့ညှိပြီးစခန်းဆောက်ဖို့ပြင်နေတယ်။သေတာကတော့ခုအတည်ပြုနိုင်တာထက်ကိုများဖို့ပဲရှိတယ်”လို့ စိုင်ပြင်မြို့ဒေသခံတဦးကပြောပါတယ်။
အနောက်မြောက်ပိုင်းစစ်ဌာနချုပ်မှဝင်ရောက်လာတဲ့ စစ်ကောင်စီရဲ့ တပ်မ ၁၁ က အင်အား ရာဂဏန်းရှိတဲ့စစ်ကြောင်းဟာ စိုင်ပြင် မြို့အဝင်အထွက်နဲ့မြို့ထဲကိုအင်အားအများအပြားနဲ့ပိတ်ဆို့ပစ်ခတ်နေတဲ့အတွက်အရပ်သားသေဆုံးမှုတွေဖြစ်ပေါ်နေတာပါ။
အဲ့ဒီ့ထဲမှာမတ်လ၂၆ ရက်နေ့ညနေပိုင်းစတင်ဝင်ရောက်လာတဲ့အချိန် စိုင်ပြင်မြို့အပြင်ဖက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးသေဆုံးသလို စိုင်းပြင်မြို့အထွက်ကားလမ်းမပေါ်မှာ မတ်လ ၂၇ ရက်မှာ ရုပ်အလောင်း ၂ လောင်းတွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင် မတ်လ ၂၇ ရက်နေ့ညပိုင်းက စိုင်ပြင် မြို့ထဲကစစ်ကောင်စီတပ်စခန်းမှလက်နက်ကြီးပစ်ခတ်မှုကြောင့် အမှတ် ၂ ရပ်ကွက်က ၁၂ နှစ်အရွယ်ကလေးငယ်တဦးအပါအဝင်အရပ်သားသေဆုံးသူ ၉ ဦးနဲ့ ထိခိုက်ဒါဏ်ရာရသူလေးဦးအထိရှိနေပြီးသေဆုံးသူအရေအတွက်ထပ်တိုးလာနိုင်တယ်လို့လဲသိရပါတယ်။
လက်ရှိမှာတော့လမ်းပေါ်မှာစစ်ကောင်စီတပ်တွေပစ်ခတ်သတ်ဖြတ်ထားတဲ့ရုပ်အလောင်းတွေဟာဒီတိုင်းရှိနေတာကိုမြင်တွေ့နေရပြီးတော့မနေ့ကစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်သေဆုံးသူတွေဟာဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာအတည်မပြုနိုင်သေးတဲ့အခြေအနေဖြစ်နေတယ်လို့ဆိုပါတယ်။
“ခုကမြို့ကိုသူတို့ကတောက်လျောက်ပိတ်ချထားတာ။အဲ့မှာအထိုင်ချပြီးစစ်ကြောင်းဆက်ထိုးမယ့်အနေအထားရှိတယ်။သေဆုံးတာတွေကကြားနေရတာတောက်လျောက်ပဲ။လမ်းသွားလမ်းလာတွေတွေ့တာရောဘာရော။မနေ့ကဒီကောင်တွေမူးရူးပြီး၆ဝမမနဲ့ရမ်းထုလို့သေတဲ့သူတွေရောဆိုဒီနေ့အထိဆယ်ဂဏန်းအထက်ရှိနေပြီ”လို့ ကောင်းကင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှဗိုလ်ကောင်းကင်ကDNAကိုပြောပါတယ်။
လက်ရှိစိုင်းပြင်မြို့ထဲဝင်ရောက်နေတဲ့စစ်ကောင်စီစစ်ကြောင်းဟာပြီးခဲ့တဲ့မတ်လ၂၅ရက်နေ့ကဆုံကုန်းရွာကိုမီးတင်ရှို့ခဲ့သလိုဒေသခံသက်ကြီးရွယ်အိုခုနှစ်ဦးကိုလဲမီးရှို့သတ်ဖြတ်ခဲ့တဲ့စစ်ကြောင်းဖြစ်ပြီးတော့စိုင်းပြင်ကနေ၊ရေဦး၊ဒီပဲယင်းနယ်တွေအထိဆက်လက်စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတဲ့အပြင်လက်ရှိသူတို့ဖမ်းဆီးထားတဲ့ကလေးငယ်တွေအပါအဝင်ပြည်သူလေးဆယ်ကျော်ကိုလဲစစ်ကြောင်းထွက်တဲ့အခါလူသားတံတိုင်းအဖြစ်ခေါ်ဆောင်သွားဖို့စီစဉ်နေတယ်လို့လဲသိရပါတယ်။
စိုင်းပြင်မြို့ဟာပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာပဲ မြို့မစျေးအပါအဝင် ၊ လူနေအိမ်ခြေတွေကိုစစ်ကောင်စီတပ်တွေဝင်ရောက်မီးတင်ရှို့ခဲ့တာတွေပြကလုပ်ခဲ့သလိုမြို့ပေါ်က CDM ဝန်ထမ်းတွေရဲ့နေအိမ်တွေကိုချိတ်ပိတ်တာ၊ဖျက်ဆီးတာတွေလဲအကြိမ်ကြိမ်ခံခဲ့ရတယ်လို့လည်းဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။