မတ်၊ ၂၈
ပြီးခဲ့တဲ့ ၂၀၂၁ မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ရတနာပုံရပ်ကွက်မှာလုပ်ခဲ့တဲ့ စစ်အာဏာသိမ်းဆန့်ကျင်တဲ့လူထုဆန္ဒပြပွဲကို စစ်တပ်ကပစ်ခတ်ရာမှာ သူနာပြုမသဉ္ဇာဟိန်းကျဆုံးခဲ့တာဒီကနေ့ ဆိုရင် ၂နှစ်ပြည့်ခဲ့ပါပြီ။
မသဉ္ဇာဟိန်းဟာ စစ်တပ်ပစ်ခတ်မှုကြား ဒဏ်ရာရသူတွေကို ဝင်ရောက်ဆွဲယူကုသပေးနေချိန်မှာစစ်ကောင်စီဘက်ကပစ်ခတ်မှုကြောင့်ဦးခေါင်းကျည်ထိမှန်သေဆုံးခဲ့ရတာဖြစ်ပြီးကွယ်လွန်ချိန်မှာ အသက် ၂၀ ရှိပြီဖြစ်ပါတယ်။
အဲဒီနေ့က မုံရွာမြို့နယ်၊ ရတနာပုံရပ်ကွက်မှာတော့ မသဉ္ဇာဟိန်းအပါအဝင်အရပ်သားပြည်သူ ၃ဦးဟာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြားမှာသေဆုံးခဲ့ပါတယ်။
ဒီကနေ့ မတ်လ ၂၈ ရက်မှာတော့ မသဉ္ဇာဟိန်းကျဆုံးခြင်း ၂နှစ်ပြည့် အထိမ်းအမှတ်တခုကိုသူရဲ့ ဇာတိဖြစ်တဲ့ ကနီမြို့နယ်ကကျေးရွာတခုမှာ ကနီဒေသခံလူထုဦးဆောင်ပြီးပြုလုပ်ခဲ့သလိုစာကြည့်တိုက်တခုကိုလည်း အထိမ်းအမှတ်အနေနဲ့ဖွင့်လှစ်ခဲ့ပါတယ်။
သူနာပြု မသဉ္ဇာဟိန်းမကွယ်လွန်ခင်တရက်မှာတော့ သူ့ရဲ့လှုမှုကွန်ရက်စာမျက်နှာမှာရေးသားထားခဲ့တဲ့ “အကောင်းအတိုင်းပြန်လာမယ်လို့ အာမမခံနိုင်တဲ့ခရီးကို သွားရတဲ့အခါ နှောင်ကြိုးတွေက ခွင့်လွှတ်ပေးပါ”ဆိုတဲ့စာသားလေးဟာ သူကွယ်လွန်ပြီးတဲ့နောက်မှာ လူထုကြားမှာ မှတ်မှတ်ရရစကားတခုဖြစ်ခဲ့ပါတယ်။