မတ်၊ ၂၈
မန္တလေးမြို့လယ်ခေါင် ချမ်းအေးသာစံမြို့နယ်၊ ၈၅လမ်းနဲ့ ၃၂လမ်းအနီးက စိန်ကျော်မိုး ရွှေသန့်စင်လုပ်ငန်းဆိုင်ကို သေနတ်ကိုင်ဆောင်ထားတဲ့ လူတစုက ဓားမြဝင်တိုက်ခဲ့တာကြောင့် ကျပ်သိန်း ၁၂၀၀ လောက်ပါသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
မနေ့က မတ်လ ၂၇ ရက်နေ့ ညနေပိုင်းလောက်မှာ စိန်ကျော်မိုး ရွှေသန့်စင်လုပ်ငန်းဆိုင်ရှေ့မှာ ပိုက်ဆံထုပ်တွေကို ကားပေါ်တင်နေတဲ့ ဆိုင်ဝန်ထမ်းတွေကို လူတစ်စုက ကားနဲ့ ရောက်လာပြီး သေနတ်နဲ့ ချိန်ကာ ဓားမြတိုက်ခဲ့တာလို့ ဆိုပါတယ်။
” အစတုန်းက သေနတ်သံ ၃ ချက်လောက်ကြားလိုက်ရတော့ လန့်သွားတာပေါ့။ ဘာဖြစ်တာလည်းပေါ့ ။စစ်တပ်က အရင်လိုပဲ ကားပေါ်ကနေ ရမ်းပစ်သွားသလားထင်မိတာပေါ့။ အဲဒီမှာ လှမ်းကြည့်လိုက်တော့ လူတယောက်က သေနတ်ကိုင်ပြီး လမ်းပေါ်လူတွေကို လာလမ်းအတိုင်းပြန်လဲခိုင်းနေတာပါ။ နောက်မှာ ဓားမြတိုက်ခံရတယ်ဆိုတာသိတာပါ ” လို့ အဲဒီအနီး နားက ဒေသခံ တဦးကပြောပါတယ်။
စစ်အုပ်စု ချန်နယ်တွေမှာ ဖော်ပြနေတဲ့ ရုပ်သံမှတ်တမ်းတွေအရ ဦးထုပ်ဆောင်ထားတဲ့ အမျိုးသား ၃ ဦးက သေနတ်ကိုယ်ဆီကိုင်ဆောင်က ရွှေသန့်စင်လုပ်ငန်းရှေ့ကို ကားတစီးနဲ့ ရောက်လာပြီး ငွေထုပ်တွေသယ်နေတဲ့ ဝန်းထမ်းအမျိုးသားတွေကို သေနတ်နဲ့ချိန်ပြီး ထိုင်ခိုင်းထားတာကိုမြင်ရပါတယ်။
အဲဒီနောက် စလာအိတ်နဲ့ ထည်ထားတဲ့ ငွေကျပ် သိန်း ၃၀၀ ပါအထုပ် ၄ ထုပ် စုစုပေါင်း ကျပ်သိန်း ၁၂၀၀ လောက်ကို သူတို့စီးလာတဲ့ ကားပေါ်ကို တင်ဆောင်ပြီး ပြန်လည်ထွက်သွားခဲ့တာပါ။
” ဒီကနေ့ မနက်ပိုင်းကတော့ အဲဒီနေရာမှာ အေးဆေးပဲ အနီးနားက ဆီဆိုင်တောင်ဆီထည့်ခဲ့ပါသေးတယ်။ ဖြစ်တဲ့နေရာက လမ်းမပေါ်မှာ မဟုတ်ပေမယ့် သူက ကြားလမ်းထဲမှာ ဖြစ်တာ ဒါပေမယ့် မြို့လယ်ခေါင် လူစည်တဲ့နေရာလို့ ပြောလို့ရတယ်။ ဖြစ်တုန်းကတော့ ရဲတွေလာစစ်တာဆေးတာတော့ လုပ်သွားသေးတယ် ” လို့ ဒေသခံ တဦးကပြောပါတယ်။
ဒီလ ၁၂ ရက်နေ့ကလည်း အောက်ကမ်းနားလမ်းအပေါ် ၂၆ ဘီလမ်းအနောက်ထိပ် မြို့တော်ဥယျာဉ်အရှေ့ဖက် ဖို့ကုန်းရပ်မှာ ဖွင့်လှစ်ထားတဲ့ ဒေါ်တောမုန့်တီဆိုင်ကို အမည်မသိလူ အမျိုးသားနှစ်ဦးက ဆိုင်ကယ်နဲ့ ရောက်ရှိလာပြီး လက်လုံးဗုံးနဲ့ သေနတ်ပြက ဆိုင်ရှင်အမျိုးသမီးရဲ့ လက်ဝတ်လက်စားတချို့ကို ဓားမြတိုက်ခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါသေးတယ်။
အလားတူပဲ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ရက်ကလည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်က မြေပွဲစားတဦးရဲ့ နေအိမ်မှာ သိန်း(၄၀၀)နီးပါး ဓားပြတိုက်ခံခဲ့ရသလ်ို အဲ့ဒီအိမ်ကို အလည်ရောက်နေတဲ့ ဒုရဲမှူးတဦးလည်း သေနတ်ပစ်ခတ်ခံရတာကြောင့် သေဆုံးခဲ့ပါသေးတယ်။