မတ်၊ ၂၈
ယူကရိန်းဆီ တင့်ကားတွေ ကတိအတိုင်း ပို့ဆောင်ပေးခဲ့ပြီး ဖြစ်တယ်လို့ ဂျာမနီ အစိုးရက အတည်ပြု ပြောကြားခဲ့ပါတယ်။
ယူကရိန်းအတွက် ခေတ်မီ နည်းပညာမြင့် Leopard 2 တင့်ကားတွေ ထောက်ပံ့ ပို့ဆောင်ပေးမယ်လို့ ကတိပြုခဲ့ပြီး ၂ လအကြာမှာ အဲဒီ ကတိကဝတ်ကို လက်တွေ့ အကောင်အထည် ဖော်ခဲ့ပြီး ဖြစ်တယ်လို့ ဂျာမန် အဓိပတိ အိုလက်ဖ် ရှော့ဇ်က အတည်ပြုခဲ့ပါ။
ယူကရိန်း အစိုးရက ကျူးကျော်သူ ရုရှားတပ်တွေကို ကြံ့ကြံ့ခံ တွန်းလှန်ဖို့အတွက် အကြီးစား စစ်လက်နက်တွေ အပူတပြင်း လိုအပ်နေကြောင်း အနောက်မဟာမိတ် နိုင်ငံတွေကို တောင်းဆိုထားပါတယ်။
ယူကရိန်းဆီ ပေးပို့တဲ့ တင့်ကားတွေဟာ အရမ်းခေတ်မီပြီး နည်းပညာမြင့်တဲ့ အမျိုးအစားတွေ ဖြစ်တယ်လို့ ရှော့ဇ်က ဆိုပါတယ်။ ကြိုတင် ကြေညာထားတဲ့အတိုင်း ယူကရိန်းဆီကို ဂျာမန်လုပ် ခေတ်မီ တင့်ကားတွေ စတင်ပေးပို့ခဲ့ပြီ ဖြစ်တယ်လို့ ရှော့ဇ်က မတ် ၂၇ ရက်မှာ နယ်သာလန် ဝန်ကြီးချုပ် မတ်ခ်ရူတေးနဲ့အတူ ရော့တာဒမ်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဂျာမနီဟာ ယူကရိန်းကို Leopard 2 တင့်ကား ၁၈ စီး ထောက်ပံ့သွားမယ်လို့ ကတိပြုထားပြီး နောက်ဆုံးအသုတ် တင့်ကားတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဂျာမနီမြေကနေ ထွက်ခွာသွားပြီလို့ ဆိုပါတယ်။ အဲဒီတင့်ကားတွေကို ယူကရိန်း နယ်စပ်နားထိ ပို့ဆောင်ပေးသွားမှာပါ။
တင့်ကားတွေအပြင် စစ်မြေပြင်မှာ တင့်ကားတွေနဲ့ တခြားယာဉ်တွေကို အရေးပေါ် ပြင်ဆင်ပေးမယ့် Buffel အမျိုးအစား အင်ဂျင်နီယာ သံချပ်ကာ ယာဉ်နှစ်စီးကိုပါ ယူကရိန်းဆီ လက်လွှဲပေးခဲ့ကြောင်း ဂျာမန် ကာကွယ်ရေး ဝန်ကြီးဌာနက သီးခြား ထုတ်ပြန်ပါတယ်။
ဂျာမနီအပြင် Leopard 2တွေ ပိုင်ဆိုင်ထားတဲ့ တခြား NATO အဖွဲ့ဝင် နိုင်ငံတချို့ကလည်း သူတို့ရဲ့ တင့်ကားတွေကို ယူကရိန်းဆီ ခွဲဝေပေးဖို့ အသီးသီး ကတိပြုထားကြပါတယ်။
အခုဆိုရင် ယူကရိန်းဟာ အနောက်နိုင်ငံလုပ် ခေတ်မီ သံချပ်ကာ တိုက်ခိုက်ရေးယာဉ် အစီး ၄၀ လောက်ကိုလည်း ပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။
ယူကရိန်းက မိတ်ဆွေတွေဆီ ကတိပြုထားတဲ့ အရေအတွက်အတိုင်း တင့်ကားတွေကို အချိန်မီ ပေးပို့နိုင်ခဲ့တယ်လို့ ဂျာမနီ ကာကွယ်ရေး ဝန်ကြီး ဘောရစ္စ ပစ္စတိုရီးရက်စ်က ဆိုပါတယ်။ ဒီတင့်ကားတွေဟာ စစ်မြေပြင်မှာ သိသာတဲ့ အပြောင်းအလဲ ရလဒ်တွေ ဖော်ဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။
ယူကရိန်း စစ်သည်တွေဟာ ဂျာမန်နဲ့ စပိန်က စစ်အခြေစိုက် စခန်းတချို့မှာ Leopard 2တွေရဲ့ နည်းပညာ အမြင့်ဆုံး မျိုးကွဲတွေဖြစ်တဲ့ 2A6 အမျိုးအစား တင့်ကားတွေနဲ့ လေ့ကျင့်နေတယ်လို့လည်း သိရပါတယ်။