ပိုင်ရှင်ဟောင်းအပေါ် ပိတ်ဆို့မှုတွေကြောင့် အကြီးအကျယ် အရှုံးပေါ်ခဲ့တာလို့ ချဲလ်ဆီး အကြောင်းပြ

မတ်၊ ၂၈

ဒေါ်လာ သန်း ၁၅၀ နီးပါး အရှုံးပေါ်ခဲ့တာနဲ့ ပတ်သက်လို့ အင်္ဂလန် ဘောလုံးကလပ် ချဲလ်ဆီးဟာ အသင်းပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်ချ်အပေါ် ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုတွေကြောင့်လို့ စွပ်စွဲ အကြောင်းပြခဲ့ပါတယ်။

 လန်ဒန် အခြေစိုက် ဘောလုံးကလပ်ဟာ ဘဏ္ဍာရေး စာရင်းရှင်းတမ်းတွေကို ထုတ်ပြန်ခဲ့ရာမှာ ၂၀၂၁-၂၂ ဘောလုံးရာသီက စုစုပေါင်း စတာလင်ပေါင် ၁၂၁.၃ သန်း အသားတင် အရှုံးပေါ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ အဲဒီ ငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၁၄၈.၆၅ သန်းလောက်နဲ့ ညီမျှပါတယ်။

 ယူကရိန်းကို ရုရှားက ကျူးကျော် စစ်ပြုခဲ့တဲ့နောက် ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ နီးစပ်တဲ့ ရုရှား လုပ်ငန်းရှင်တွေအပေါ် ဗြိတိန် အစိုးရက ပစ်မှတ်ထား ပိတ်ပင်မှုတွေ လုပ်ဆောင်ခဲ့ပြီး ချဲလ်ဆီးရဲ့ပိုင်ရှင် ရုရှား ဘီလီယံနာ အေဗရာမိုဗစ်ချ်လည်း စက်ကွင်း မလွတ်ခဲ့ပါဘူး။ သူနဲ့အတူ ချဲလ်ဆီးပါ အရေးယူ ပိတ်ဆို့မှုတွေ ကြုံလာရတဲ့နောက် အေဗရာမိုဗစ်ချ်က အသင်းကို မေလမှာ အရောင်းစာရင်း တင်ခဲ့ပြီး အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တော့ဒ်ဘိုလေး ဦးဆောင်တဲ့ Clearlake Capital လုပ်ငန်းစုက လက်လွှဲ ဝယ်ယူခဲ့ပါတယ်။

 အဲဒီနောက် ဘိုလေးဟာ ကစားသမား အပြောင်းအရွှေ့ စျေးကွက်ကာလ နှစ်ခုအတွင်း ချဲလ်ဆီးမှာ လူသစ်တွေ ဖြည့်တင်းဖို့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၅၀ နီးပါးလောက်ထိ ရင်းနှီး မြှုပ်နှံထားခဲ့ပြီးပါပြီ။

 ချဲလ်ဆီးကတော့ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ အရှုံးပေါ်ခဲ့တာဟာ​ အေဗရာမိုဗစ်ချ်နဲ့ ဆက်နွှယ်ပြီး အသင်းပါ အရေးယူ ပိတ်ဆို့မှုတွေဒဏ် ခံခဲ့ရတာကြောင့်လို့ ဆိုပါတယ်။ အဲဒီတုန်းက ချဲလ်ဆီးဟာ လက်မှတ်ရောင်းချခွင့်တွေပါ ပိတ်ပင် ခံခဲ့ရပြီး ဝင်ငွေ အကြီးအကျယ် ထိခိုက်ခဲ့တယ်လို့ အသင်းက အကြောင်းပြပါတယ်။

 အစိုးရရဲ့ အရေးယူ ပိတ်ဆို့မှုနဲ့ ကန့်သတ်မှုတွေက အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေအပေါ် အကြီးအကျယ် ရိုက်ခတ်ခဲ့ကြောင်း၊ လက်မှတ်ရောင်းချမှုတွေအပြင် အသင်းရဲ့ ဂျာစီနဲ့ အမှတ်တရ ထုတ်ကုန်ပစ္စည်းတွေ ရောင်းချမှု၊ စပွန်ဆာ ညှိနှိုင်းမှု၊ အခမ်းအနား အစီအစဉ်တွေ လက်ခံမှု၊ ကစားသမားတွေနဲ့ စာချုပ် ချုပ်ဆိုမှု စတာတွေ အကုန်လုံး ကမောက်ကမ ဖြစ်ခဲ့သလို ဝင်ငွေထွက်ငွေ ဟန်ချက် မညီတော့တဲ့ ပြဿနာတွေ ကြုံခဲ့တယ်လို့လည်း ချဲလ်ဆီးက အကြောင်းပြ ဖြေရှင်းပါတယ်။

 သူတို့ရဲ့ နှစ်အလိုက် ဝင်ငွေဟာ အဲဒီမတိုင်ခင် တနှစ်က စတာလင်ပေါင် ၄၃၄.၉ သန်း ရှိခဲ့ရာကနေ မနှစ်က ဘဏ္ဍာရေးနှစ်မှာ စတာလင်ပေါင် ၄၈၁.၃ သန်းထိ တိုးပွားလာတယ်လို့လည်း ချဲလ်ဆီးက ကြေညာပါတယ်။  ပြီးတော့ စပွန်ဆာကြေးတွေ ပိုမို ရရှိမှုနဲ့အတူ အသင်းရဲ့ ကြော်ငြာဝင်ငွေကလည်း စတာလင်ပေါင် ၁၇၇.၁ သန်းထိ မြင့်တက်လာတယ်လို့ သိရပါတယ်။

 လက်ရှိမှာတော့ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ မှာ ရပ်တည်နေပြီး ဥရောပ ချန်ပီယံလိဂ်မှာတော့ ကွာတားဖိုင်နယ် အဆင့်ထိ တက်လှမ်းထားနိုင်ခဲ့ပါတယ်။