မတ်၊ ၂၈
မြို့ခံ ဘောလုံးကလပ် နာပိုလီ အသင်းရဲ့ အီတလီ စီးရီးအေ ချန်ပီယံဆု ဆွတ်ခူးမယ့် အခြေအနေကို ဂုဏ်ပြုတဲ့ အနေနဲ့ နေပယ်လ်မြို့က အဆောက်အအုံ အတော်များများဟာ အပြာနုရောင် အလံတွေ၊ ဆေးခြယ်မှုတွေနဲ့ စတင် အလှဆင်နေကြပါပြီ။
နာပိုလီ အသင်းဟာ ကွယ်လွန်သူ အာဂျင်တီးနား ဂန္ထဝင် ဘောလုံးကြယ်ပွင့်ဟောင်း ဒီယေဂို မာရာဒိုနာ ဦးဆောင်ခဲ့တဲ့ ကာလနောက်ပိုင်း စကူဒက်တိုလို့ ခေါ်ဝေါ်တဲ့ စီးရီးအေ ချန်ပီယံဆုကို မရခဲ့တာ နှစ်ပေါင်း ၃၀ ကြာမြင့်ခဲ့ပြီးပါပြီ။ ဒါပေမဲ့ အခု ဘောလုံးရာသီမှာတော့ နာပိုလီဟာ ကြောက်ခမန်းလိလိ ခြေစွမ်းကောင်းတွေ ပြသနေပြီး ၁၁ ပွဲ ကစားဖို့ ကျန်သေးချိန်မှာ အမှတ်ပေးဇယားမှာ ဒုတိယ နေရာက လာဇီယိုကို ၁၉ မှတ် ဖြတ်ထားတာကြောင့် ချန်ပီယံဖြစ်ဖို့ ရာနှုန်းပြည့် နီးပါးလောက် သေချာနေပါပြီ။
နာပိုလီဟာ အသင်းရဲ့ သမိုင်းတလျှောက် တတိယ အကြိမ်မြောက် စကူဒက်တို အောင်ပွဲနဲ့ နီးစပ်နေသလို ဥရောပ ချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲမှာလည်း ပထမဆုံး အကြိမ်အဖြစ် ကွာတားဖိုင်နယ် အဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။
အသင်းရဲ့ လက်ရှိရာသီ စွမ်းဆောင်ရည်တွေကြောင့် အပျော်ကြီး ပျော်နေတဲ့ ပရိသတ်တွေဟာ ရာသီ မကုန်ခင် ကတည်းက ချန်ပီယံဆုအတွက် အောင်ပွဲခံဖို့ စတင် ပြင်ဆင်နေတာ ဖြစ်ပါတယ်။ မြို့ထဲမှာ အဆောက်အအုံတွေ တော်တော်များများဟာ အပြာနုရောင် အလံတွေ၊ ဖဲကြိုးတွေ ကြိုတင် ပြင်ဆင်နေပြီး လမ်းကြားတချို့မှာလည်း နာပိုလီ အသင်းရဲ့ ဂျာစီတွေကို ချိတ်ပြီး အလှဆင်နေကြတာ တွေ့နိုင်ပါတယ်။
မြို့ထဲက အနုပညာ ဖန်တီးသူတွေ၊ ဗိသုကာတွေကလည်း ဘောလုံး သူရဲကောင်းတွေအတွက် ဂုဏ်ပြု အောင်ပွဲခံမယ့် အစီအစဉ်တွေမှာ စိတ်လိုလက်ရ အကြံပေး ကူညီနေကြပါတယ်။ မာရာဒိုနာ ကောင်းကင်ဘုံမှာ ရှိနေတဲ့ပုံတွေ၊ အခုရာသီ နာပိုလီအတွက် အတောက်ပဆုံး ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်နဲ့ တောင်ပံ ကစားသမား ခါဗစ်ချာ ကဗာရက်စ်ခ်ဟီလီရာတို့ရဲ့ အောင်ပွဲခံနေပုံတွေကိုလည်း နေရာအနှံ့ ချိတ်ဆွဲထားကြပါတယ်။
တချို့ ပရိသတ်တွေကတော့ သူတို့ရဲ့ အသင်းဟာ စကူဒက်တို ဆုဖလားကြီးအပြင် ဥရောပ ချန်ပီယံလိဂ် ဆုဖလားကြီးကိုပါ နေပယ်လ်မြို့ဆီ ယူဆောင်လာနိုင်မယ်လို့ ယုံကြည်မှု ထက်သန်နေကြောင်းလည်း သိရပါတယ်။