အာဏာသိမ်းစစ်တပ်က လူတထောင်ကျော်ကို ဖမ်းဆီးပြီးမှ သတ်ဖြတ်ခဲ့

မတ်၊​ ၂၇

အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီက ဖမ်းဆီးပြီးမှ သတ်ဖြတ်ခဲ့သူ တထောင်ကျော် အထိ ရှိနေပြီး အဲ့ဒီအထဲက ၆၅ ဦးဟာ အသက် (၁၈)နှစ်မပြည့်သေးသူတွေဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရသိရပါတယ်။

အာဏာသမ်းပြီးချိန်ကစလို့ လက်ရှိအချိန်အထိ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးသူ (၃၂၀၀)နီးပါးရှိပြီး အဲ့ဒီအထဲ က (၁၀၇၀)ဦးဟာ ဖမ်းဆီးချုပ်နှောင်ခံရတာ၊အတင်းအဓမ္မခေါ်ဆောင်တာတွေ ခံရပြီးမှ ထိန်းသိမ်းခံထားရတဲ့ အ ချိန်အတွင်း သတ်ဖြတ်ခံခဲ့ရတာလို့ AAPP က ဒီကနေ့မှာထုတ်ပြန်ပါတယ်။

ဒီလိုဖမ်းဆီးပြီးမှ သတ်ဖြတ်ခံရသူတွေထဲက (၇၇၆)ဦးရဲ့ အသက်အရွယ်တွေကို AAPP က အတည်ပြုနိုင်ခဲ့ပါ တယ်။အတည်ပြုနိုင်တဲ့အချက်အလက်တွေအရ ဖမ်းဆီးပြီးမှသတ်ဖြတ်ခံခဲ့ရသူတွေထဲ အသက်(၁၈)နှစ်မပြည့် သေးသူ ၆၅ဦးပါဝင်နေတာလို့ ဆိုပါတယ်။

မြေပြင် ဖြစ်ရပ်မှတ်တမ်းအချက်အလက်တွေအရ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ အသက်မပြည့် သေးသူတွေထဲ အသက် (၁၄)နှစ်သာရှိသူတွေ လည်း ပါဝင်နေတာတွေ့ရပါတယ်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားတာ၊စစ်ကြောင်းတွေလှုပ်ရှားချိန် မတော်တဆထိပ်တိုက်တွေ့တဲ့ ဒေသခံတွေကို ဖမ်းခေါ်သွားတာ၊အာဏာသိမ်းမှုခုခံတော်လှန်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်သူ၊ပတ်သက်နေတယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးသွားတာတွေ လုပ်ခဲ့ပြီးနောက် လူတထောင်ကျော်ကို သတ်ဖြတ်ခဲ့တာပါ။

ဒီအထဲမှာ စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားစည်အချိန်အတွင်း ထောင်တွင်းမှာ လုံလောက်တဲ့ ဆေးကုသ ခွင့်မရတဲ့ သေဆုံးခဲ့တာ၊ထောင်တွင်းဆူပူမှုဖြစ်စဉ်တွေအတွင်း ရိုက်နှက်ခံရတာ၊ပစ်ခတ်ခံရပြီးသေဆုံးတာ စတဲ့ ဖြစ်စဉ်တွေလည်းပါဝင်ပါတယ်။

စစ်ကောင်စီက ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တွေဟာ စစ်ကိုင်းတိုင်းမှာအများဆုံး ဖြစ်ခဲ့ပြီး စစ်ကိုင်း တိုင်းမှာ အဲ့ဒီလိုသတ်ဖြတ်ခံရတာကြောင့် သေဆုံးသူ (၅၉၄)ဦးအထိရှိနေပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီကလူသားဒိုင်းအဖြစ်ဖမ်းဆီးတာ၊လူအစုလိုက်အပြုံလိုက်ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခဲ့တာတွေမကြာခဏလုပ်လေ့ရှိပြီး ကနီမြို့နယ် ယင်းရွာ၊ရေဦးမြို့နယ် မုန်တိုင်ပင်ရွာ၊စစ်ကိုင်းမြို့နယ် တာတိုင်ရွာနဲ့ မြင်းမူနယ် လက္ကပင်ရွာတို့မှာဖြစ်ခဲ့တဲ့ အစုအပြုံလိုက်သတ်ဖြတ်မှုတွေဟာ လူသိများပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းမှာ စစ်ကောင်စီက အလားတူ ဖမ်းဆီးသတ်ဖြတ်ခဲ့သူ (၁၁၉)ဦး၊မကွေးတိုင်းမှာ (၁၀၁)ဦး အထိရှိတယ်လို့ AAPP ကပြောပါတယ်။

မန္တလေးတိုင်းအတွင်း မန္တလေးမြို့အပါအဝင် မြို့နယ်တချို့မှာ စစ်ကောင်စီတပ်နဲ့ သွေးသောက်အဖွဲ့အမည်ခံ စစ် အုပ်စုလိုလားသူတွေက အရပ်သားတွေကို နေအိမ်တွေကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ကာ မြို့ ပေါ် မှာတင် အလောင်းစွန့်ပစ်ခဲ့တာမျိုးတွေ မကြာမကြာဖြစ်လေ့ရှိပါတယ်။

စစ်တပ်က ဖမ်းဆီးပြီးမှ သတ်ဖြတ်လိုက်သူတွေထဲက (၉၈၅)ဟာ အမျိုးသားတွေဖြစ်ပြီး အမျိုးသမီး (၅၇)ဦးလည်း ပါဝင်တယ်လို့ AAPP ကပြောပါတယ်။

ဒီအချက်အလက်တွေဟာ အာဏာသိမ်းပြီးချိန်ကစလို့ အခုလ ၃ရက်အထိ ကာလအတွင်း ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေကို AAPP က ကောက်ယူမှတ်တမ်းတင်ထားတဲ့အပေါ်အခြေခံထားတာဖြစ်ပြီး မြေပြင်မှာ အမှန်တကယ်ဖြစ်နေတဲ့ ကိန်းဂဏန်းတွေဟာ အခုထက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။