တိုက်ပွဲဖြစ်ခဲ့တဲ့ တမူးမြို့နယ် ကွန်းတောင်းရွာသစ်ကို စစ်ကောင်စီတပ်က ရွာလုံးကျွတ်နီးပါးမီးရှို့

မတ်၊​ ၂၇

ပြီးခဲ့ရက်ပိုင်းက ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ တမူးမြို့နယ်အထက်ပိုင်း၊ တမူး-အောင်ဇေယျ လမ်းပိုင်းက ကွန်းတောင်းရွာသစ်ကို စစ်ကောင်စီတပ်က မတ်လ ၂၅ရက်၊ ၂၆ ရက်တွေမှာနှစ်ရက်ဆက် မီးရှို့ခဲ့ တာကြောင့် ရွာလုံးကျွတ်မီးလောင်ပျက်စီးခဲ့တယ်လို့ တမူးဒေသခံတွေက ပြောပါတယ်။

 ” အနီးကပ်တော့မမြင်ရဘူးပေါ့၊ ရွာက​ သေးသေးနဲ့ အကုန်ကုန်မှာပါပဲ၊ ပြီးခဲ့တဲ့ရက်ပိုင်းတမူးဝန်းကျင်တွေမှာ ဖြစ်ခဲ့တာတွေနဲ့ ဘယ်သူမှလည်း မသွားရဲဘူး၊ မြို့မှာလည်း ဖုန်းဖြေဖို့ကစ ကျပ်ပြီဗျ” တမူးမြို့ခံတဦး ကပြောပါတယ်။

 ကွန်းတောင်ရွာသစ်ဟာ တမူးမြို့နဲ့ ခြောက်မိုင်အကွာ အောင်ဇေယျကားလမ်းပေါ်က အိမ်ခြေ ၂၉ လုံးသာရှိတဲ့ ရွာငယ်တရွာဖြစ်ပါတယ်။ နေအိမ် ၂၉ လုံးမှာ စစ်ကောင်စီတပ်ရဲ့မီးရှို့ဖျက်ဆီးမူကြောင့် နေအိမ် ၂၄ လုံးမီးလောက် ပျက်စီးခဲ့တယ်လို့ ဒေသခံမီဒီယာ Just You – Tamu က ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက တမူးမြို့ဝန်းကျင်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့ကြပြီးနောက် စစ်ကောင်စီက ကွန်းတောင်ရွာသစ်ကို ခုလိုမီးရှို့ဖျက်ဆီးခဲ့ကြတာဖြစ်ပါတယ်။

ကွန်းတောင်းရွာဝန်းကျင်က ဒေသခံကာကွယ်ရေးတပ်စခန်းတခုကို စစ်ကောင်စီက မတ်လ ၂၃ ရက်နဲ့ ၂၄ ရက် နေ့တွေမှာ ထိုးစစ်ဆင်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ခဲ့ပြီး စခန်းစွန့်ပေးပြီးမှ တန်ပြန်ထိုးစစ်ဆင်လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမူများခဲ့တယ်လို့ ဒေသကာကွယ်ရေးအင်အားစုတွေက ပြောပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း နှစ်ရက်လုံးမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလည်း အသုံးပြုခဲ့ပါတယ်။ တိုက်ပွဲအတွင်း ဒေသခံကာကွယ်ရေးတပ်တွေဘက်က နှစ်ဦးထက်မနည်းကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေအသေးစိတ်ကိုတော့ မသိရပါဘူး။

တမူးမြို့တောင်ဘက် ခုနစ်မိုင်အကွာ တမူး – ကလေး ကားလမ်းမကြီးပေါ်က ဘုက္ကန်ရွာရဲကင်းစခန်းဟာလည်း မတ်လ ၂၄ ရက်မှာ စီးနင်းတိုက်ခိုက်ခံခဲ့ရပါသေးတယ်။ အဲ့ဒီရဲကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ငယ် ၁၅လက်အပါအဝင် ခဲယမ်းတွေနဲ့ အသုံးအဆောင်တွေ ရရှိခဲ့တယ်လို့ ဒေသအခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်မတော် NLA က ထုတ်ပြန်ထားပါတယ်။

 တမူးမြို့ဝန်းကျင်မှာ တိုက်ပွဲတွေနဲ့ ပစ်ခတ်မှုဖြစ်ပွားပြီး တိုင်းစစ်ကောင်စီတပ်တွေက မြို့တွင်းမှာ လုံခြုံရေးတင်းကျပ်စစ်ဆေးမှုတွေ လုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဓာတ်ပုံ – CJ