မြောက်ကိုရီးယားက တာတို ဒုံးကျည်နှစ်စင်း ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ် ထုတ်ပြန်

မတ်၊ ၂၇

မြောက်ကိုရီးယားဟာ အရှေ့ဖက် ကမ်းလွန် ပင်လယ်ပြင်ဆီ တာတိုပစ် ဒုံးကျည်နှစ်စင်း ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်ဘက်က ပြောကြားခဲ့ပါတယ်။

မတ် ၂၇ ရက် မနက်ပိုင်းက မြောက်ကိုရီးယားရဲ့ ဟွမ်ဟေး ဒေသကနေ အခြေစိုက် ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေဟာ ကီလိုမီတာ ၃၇၀ လောက် အကွာအဝေးထိ ပျံသန်းခဲ့ပြီး ပင်လယ်ထဲ ပြုတ်ကျသွားခဲ့ကြောင်း တောင်ကိုရီးယားက ထုတ်ပြန်ပါတယ်။

ကိုရီးယား ကျွန်းဆွယ်နားမှာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေတာကို တုံ့ပြန်တဲ့ အနေနဲ့ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း အမျိုးအစားပေါင်းစုံ ဒုံးကျည်တွေကို ဆက်တိုက် စမ်းသပ် ပစ်ခတ်ပြနေခဲ့ပါတယ်။ 

မြောက်ကိုရီးယား ဒုံးကျည်တွေဟာ ဂျပန် ရေပိုင်နက် အပြင်ဖက်က အထူးစီးပွားရေးဇုန် သတ်မှတ်ထားရာ ရေပြင်ထဲမှာ ကျရောက်ခဲ့ကြောင်း ဂျပန် မီဒီယာတွေကလည်း ဖော်ပြပါတယ်။

တောင်ကိုရီးယား စစ်တပ်က မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်မှုတွေဟာ ရန်လိုပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို အပြင်းအထန် ချိုးဖောက်ရာ ရောက်နေတဲ့အတွက် ရပ်တန်းက ရပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ စစ်ရေးလှုပ်ရှားမှု အမျိုးမျိုးကို အချိန်နဲ့ တပြေးညီ စောင့်ကြည့်ပြီး လိုအပ်သလို တုံ့ပြန်ဖို့ အမြဲ နိုးကြား အသင့်ရှိနေမယ်လို့ တောင်ကိုရီးယား ပူးပေါင်း စစ်ဆင်ရေး ဌာနချုပ်ကလည်း ထုတ်ပြန်ထားပါတယ်။ တဖက်မှာတော့ ဂျပန် အစိုးရကလည်း မြောက်ကိုရီးယားရဲ့ ဒုံးကျည် ပစ်ခတ်မှုတွေဟာ ဂျပန်ရဲ့ တည်ငြိမ် အေးချမ်းမှုကို ထိပါး နှောင့်ယှက်နိုင်တာကြောင့် ကန့်ကွက်ကြောင်း ကြေညာပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကလည်း နျူကလီးယား ထိပ်ဖူးတပ်ဆင် ပစ်ခတ်နိုင်တယ်ဆိုတဲ့ ရေအောက် ဒရုန်းတမျိုးကို စမ်းသပ်ခဲ့ပါတယ်။ အဲဒီ ဒရုန်းဟာ ရန်သူနိုင်ငံပိုင် မြို့တွေကို ရေဒီယို သတ္တိကြွ ဒီရေလှိုင်းတွေ လွှမ်းမိုးသွားအောင် တိုက်ခိုက်နိုင်တဲ့ စစ်လက်နက်မျိုးလို့ မြောက်ကိုရီးယားက ကြွေးကြော်ထားပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ Freedom Shieldဆိုတဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုကြီးဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပေမယ့် အမေရိကန်ရဲ့ ကမ်းတက် ချေမှုန်းရေး ယာဉ်တွေ ပါဝင်တဲ့ ကမ်းတက် စစ်ဆင်ရေးတွေ အပါအဝင် တချို့ လေ့ကျင့်မှုတွေကို ဆက်လက် လုပ်ဆောင်နေဆဲလို့ သိရပါတယ်။

Ref: CAN