ပဲခူးဘုရားပွဲမှာ အပျော်စီးပင်လယ်ဓါးပြပြိုကျပြီး ဆယ်ဦးထက်မနည်းဒဏ်ရာရ

မတ်၊​ ၂၇

ပဲခူးရွှေမော်ဓောဘုရားပွဲမှာ မနေ့ မတ်လ ၂၆ ရက်ညပိုင်းက အပျော်စီးလှေရဟတ်(ပင်လယ်ဓါးပြ) အတက်အဆင်းလမ်းကျိုးကျတာကြောင့် လူ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတွေကပြောပါတယ်။

မနေ့ညပိုင်း ၈နာရီလောက်မှာ လှေရဟတ် အတက်အဆင်းလမ်းကိုတိုးကြိတ်ရာကနေ သံပြားနဲ့ သံတိုင်တွေ ယိုင်နဲ့ကွာကျပြီးစင်ကျိုးကျခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

‘’ ကျွန်မသမီးကစီးချင်တယ်ဆိုလို့ အတူလှေပေါ်မှာစီးနေတုန်း ဗြုန်းကနဲအသံကြီးကြားလိုက်တာ လှေကြီးပြုတ်ထွက်သွားတယ်ထင်တာ၊ အထက်လှေကားစင်ကြီးက ဝိတ်မနိုင်ပဲ ပြိုကျတာ အတော်များများထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ‘’ မြို့ခံတဦးဖြစ်တဲ့ မမော်က DNA ကိုပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူ ၁၀ဦးထက်မနည်းရှိပြီး အဲဒီထဲက လူငယ်ခုနှစ်ဦးကတော့ ဒဏ်ရာပြင်းထန်ပေမယ့်  အသက်အန္တရာယ်တော့စိုးရိမ်ရတာမရှိဘူးလို့လည်း လူမှုကူညီရေးအသင်းက တာဝန်ရှိသူကဆိုပါတယ်။

ဒီဖြစ်ရပ်အတွက် အပျော်စီးလှေရဟတ်ပိုင်ရှင်ကို ပွဲကြီးကြပ်ရေးကော်မတီက ခေါ်ယူစစ်ဆေးတာတွေလုပ်နေပြီး ထိခိုက်ဒဏ်ရာရသူတွေကိုတော့ လာရောက်ကြည်ရှုတာ ဆေးဝါးကုသမှုအတွက် တာဝန်ယူတာတွေတော့မရှိသေးဘူးလို့ ဒဏ်ရာရခဲ့သူတွေရဲ့ မိသားစုဝင်တွေကပြောပါတယ်။ 

ပဲခူးရွှေမောဓော စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယ ပွဲတော်ကို တော့ မတ်လ ၂၀ ရက်နေ့ ကနေ ဧပြီလ ၁၈ ရက်နေ့အထိ ပြုလုပ်ကျင်းပနေတာဖြစ်ပြီး ဒီဖြစ်ရပ်ကြောင့် ဘုရားပွဲကိုလာသူတွေ လျော့နည်းမှာကိုလည်း ဈေးရောင်းသူတွေက စိုးရိမ်နေကြတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

ဓာတ်ပုံ – CJ