မတူပီကစစ်စခန်း အင်အားဖြည့်ဖို့လာတဲ့စစ်ကြောင်း တိုက်ခိုက်ခံရလို့ ၁၃ဦးသေ၊ ခုနှစ်ဦးဒဏ်ရာရ

မတ်၊ ၂၆

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်၊ မတူပီ-ပလက်ဝလမ်းမပေါ်ရှိ ထယ်ဘွေးစစ်စခန်းကို တပ်အင်အားနဲ့ ရိက္ခာဖြည့်ရန် လာတဲ့ စစ်ကြောင်းကို မတူပီ-CDF နဲ့ CNA တို့မှ မတ်လ ၂၄ ရက်က တိုက်ခိုက်ရာ စစ်တပ်ဘက် ၁၃ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

မတ်လ ၂၄ ရက်က မတူပီ-ပလက်ဝလမ်း မိုင်တိုင် ၁၄/၁၅ အကြားမှာ မိုင်းဆွဲတိုက်ခိုက်မှု တစ်ကြိမ် ပြုလုပ်ခဲ့ရာ စစ်ကောင်စီဖက် ၇ ဦးသေဆုံးပြီး အဲဒီနေ့မှာ တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်မှု (၃)ကြိမ် ပြုလုပ်ရာ စစ်ကောင်စီက (၆) ဦး သေဆုံးကာ (၇) ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်-မတူပီက သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောပါတယ်။ 

“စစ်ရေးအခြေအနေကတော့ မနေ့က တောက်လျှောက် စကစလက်နက်ကြီးနဲ့ ပစ်သံကြားတယ်။ ဝလံပီးကျေးရွာမှာ ညအိပ်တယ်။ ကျေးရွာမှာ နားလို့ ကျနော်တို့ မတိုက်ဘူး။ စစ်ရေးကတော့ တောက်လျှောက်ပြင်းထန်မဲ့ အခြေအနေရှိတယ်။ ကျနော်တို့ စောင့်တယ်။ စစ်ရေးကတော့ ဆက်တင်းမာနေပါတယ်။ လောလောဆယ်တော့ ကျနော်တို့ ဆုတ်ပေးထားတယ်။ ဒါပေမဲ့ ဒီနေ့ရော၊ မနက်ဖြန်တွေမှာရော စစ်ရေးကတော့ တောက်လျှောက် ပြင်းထန်ဖို့ ရှိတယ်”လို့ သူက ပြောပါတယ်။ 

မတ်လ ၂၃ရက်ကလည်း နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ 

မတူပီ-ပလက်ဝလမ်း မိုင်တိုင် (၁၆) ဝါပုန်းလမ်းခွဲအနီးတစ်လျှောက်မှာ စစ်တပ်က နင်းမိုင်းများစွာ ထောင်ထားတဲ့အတွက် မတူပီ – CDF က မိုင်းရှင်းလင်းရေး ပြုလုပ်ပြီးမှသာ ပြည်သူတွေ သွားလာကြဖို့ မတူပီ – CDFရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

မတူပီအခြေစိုက် ခမရ (၃၀၄)တပ်က မတူပီ- ပလက်ဝလမ်းမပေါ်ရှိ ထယ်ဘွေးစစ်ခန်းကို မတ်လ ၂၀ ရက်ကတည်းက ကား (၃)စီးနဲ့ အင်အား (၈၀)ခန့်ဟာ တပ်အင်အားနဲ့ စားနပ်ရိက္ခာဖြည့်ရန် စစ်ကြောင်းထိုးလာခဲ့ပြီး ချင်းကာကွယ်ရေးတပ်- မတူပီနဲ့ ချင်းအမျိုးသားတပ်မတော် (CNA) တို့ ကြားဖြတ်တိုက်ခိုက်နေတာဖြစ်ပါတယ်။

ယမန်နှစ်တွေက စစ်တပ်ဟာ မတူပီမှ ထယ်ဘွေးစစ်စခန်းကို ၃ ရက်အတွင်း စစ်ကြောင်းချီနိုင်ပေမဲ့ ဒီနှစ်မှာ တနေ့ကို ၅ မိုင်နှုန်းဖြစ်သာ သွားနိုင်ပါတယ်။ ထယ်ဘွေးစခန်းအထိ ၃၂ မိုင်ခရီးကို ချင်းကာကွယ်ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ရက်များစွာကြာ သွားရအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီတိုက်ပွဲတွေကြောင့် မတူပီ-ပလက်ဝလမ်းပိုင်းရှိ အနည်းဆုံး ကျေးရွာ ၅ ရွာမှ ဒေသခံ တထောင်ခန့်ဟာ စစ်ရှောင်နေရပြီး စားနပ်ရိက္ခာပြတ်တောက်နေတဲ့ အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။ 

“စစ်ရှောင်တွေလည်း တပတ် နှစ်ပတ် သုံးပတ်လောက် နေရမဲ့ သဘောရှိတယ်။ ၂ရက် သုံးရက်က ကိစ္စမရှိဘူး။ စစ်ရှောင်တွေက ဆန်ဆိုရင်လည်း ၂ရက် ၃ရက်စာပဲ ယူသွားကြတာ၊ အခုက အရမ်းဒုက္ခရောက်လာကြတယ်။ အခက်အခဲ ရှိနေတယ်။ အစားအသောက်တွေရောပြတ်တောက်နေတဲ့ အခြေအနေရှိတယ်။ ကျေးရွာတွေမှာ ကျန်ခဲ့တဲ့ စားစရာတွေက မကျန်လောက်တော့ဘူး။ စကစတွေက အကုန်စားသောက်၊ ဖျက်စီးတာ အဲဒီအခက်အခဲကြုံနေရတယ်။ စစ်ရှောင်စခန်းဆိုတာလည်း မရှိဘူး။ စစ်ရှောင်စခန်းမရှိကြတော့ ဘယ်သူကို ဘယ်မှာ ကူညီရမလဲဆိုတာ မသိတော့ အရမ်းကို ခက်ခဲနေပါတယ်” လို့ မတူပီ – CDFရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ရှောင်တွေဟာ ကျေးရွာအလိုက် နီးစပ်ရာ လုံခြုံမယ်လို့ ယူဆရတဲ့ တော၊ တောင်တွေထဲမှာ စစ်ရှောင်နေရပြီး အခြေခံစားသောက်ကုန်နဲ့ အမိုးအကာတွေလည်း လိုအပ်နေပါတယ်။ 

မတူပီ-ပလက်ဝလမ်းပေါ်ရှိ တွီရှစ်ရွာမှာ မတ်လ ၂၀ရက်က စခန်းချခဲ့တဲ့ ခလရ (၃၀၄) စစ်ကြောင်းဟာ ရွာထဲရှိ ဒေသခံတွေ မွေးမြူးထားတဲ့ တိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်သွားပြီး ကျန်တာတွေကို ဖျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – CDF