အာရှလမ်းပေါ် ပစ်ခတ်မှုတွေရှိနေလို့ ခရီးသွားလာတွေ ထို့ကော်ကိုးလ် ပတ်လမ်းကနေဖြ တ်သန်းသွားလာနေ

မတ်၊ ၂၆

မြဝတီမြို့နဲ့ ကော့ကရိတ်မြို့မှာ လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့်အာရှလမ်းကမဖြတ်ဖို့ ကာကွယ်ရေးတပ်တွေက မနေ့ မတ်လ ၂၅ ရက်နေ့ကနေ စတင်ထုတ်ပြန်ထားသလို ဖြတ်သန်းသွားလာသူတွေကို မနေ့ညနေပိုင်းမှာ စစ်ကောင်စီဘက်က ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ခရီးသွားယာဉ်မောင်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
မနေ့ညနေပိုင်းကလည်း အာရှလမ်းပေါ်ကို ခရီးသည်တင်ကားတစီး ဖြတ်သွားရာမှာ စစ်ကောင်စီတပ်တွေဘက်က ပစ်ခတ်လိုက်တာကြောင့် ခရီးသည်တဦး သေဆုံးခဲ့တယ်လို့ အဲဒီလမ်းမှာ ဖြတ်သန်းသွားလာတဲ့ ယာဉ်မောင်းတဦးက ပြောပါတယ်။
 
” မနေ့ညနေက ခရီးသည်ကားနှစ်စီးဆင်းသွားတယ်။ ၁၂ ယောက်စီးတဲ့ အန်စာတုံးကားတွေ၊ စစ်တပ်ဘက်က လှမ်းပစ်တာ ခရီးသည်တစ်ယောက်က ရင်အုံမှာထိပြီး ပွဲချင်းသေသွားတယ်။ နောက်တယောက်က ဒဏ်ရာရသွားတယ်။ ဒီကနေအထွက် ညီနောင်တောင်ခြေနားမှာပေါ့၊ အခုကားတွေက သူတို့ တောလမ်းက ပတ်နေတယ်လေ။ ကုန်ကားတွေက အခုထိပိတ်မိနေတုန်းပဲ။ အခုလောလောဆယ်ဆယ်တော့ သူတို့ (စစ်တပ်ဘက်က)ပြောထားတယ်။ သုံးရက်အတွင်း သွားရင်ပစ်မယ်၊ အာမမခံဘူးပေါ့။ အခုဆင်းသွားလို့ရှိရင် ညီနောင်ဘက်တို့ ဒီမြဝတီအာရှလမ်းကို ပေါ့၊ သူတို့မသင်္ကာရင် ပစ်ရင် ပစ်မှာပေါ့ ” လို့ အဆိုပါယာဉ်မောင်းက ဆိုပါတယ်။
 
ဒီအခြေအနေကြောင့် ခရီးသွားတချို့ ဟာ KNU, KNLA, PC လမ်း ထို့ကော်ကိုးလ် ပတ်လမ်းကနေ ဒီကနေ့မှာသွားလာနေကြသလို ကားတချို့ဟာလည်း မနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်တဲ့ သဃ်န်းညီနောင်မှာ ပိတ်မိနေတယ်လို့ သိရပါတယ်။
 
ကရင်ပြည်နယ်၊ မြဝတီမြို့က မြဝတီကုန်သွယ်ရေးဇုန်နဲ့ ကော့ကရိတ်မြို့အနီးမှာ မနေ့ မတ်လ ၂၅ ရက် မနက်ပိုင်းကတည်း စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က သေဆုံးမှုတွေများသလို အရပ်သားတွေထိခိုက်သေဆုံးမှုတွေလည်း ရှိနေတဲ့အကြောင်း မြေပြင်စစ်ရေးအခြေအနေသိရှိသူတွေက ပြောထားပါတယ်။
 
တပ်မဟာ ၆ နယ်မြေအတွင်းက ကျားဖြူစစ်ကြောင်းကလည်း ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်အတွင်းကနေ မြဝတီမြို့နယ်အတွင်းမှာ စစ်ရေးအခြေအနေရှုပ်ထွေးနေလို့ ကျုံဒိုးမြို့နယ်ကနေ မြဝတီမြို့နယ်အတွင်းကို ဘယ်နည်းလမ်းနဲ့မှ မဖြတ်သန်းကြဖို့ မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ထားပါတယ်။
 
လက်ရှိအချိန်ထိလည်း ကော့ကရိတ်မြို့နယ်အနီးမှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ဒီကနေ့မနက်ပိုင်းမှာလည်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။

ဓာတ်ပုံ – Saw Ba Kaung