မြောင်နယ်မှာ ကျေးရွာရှစ်ရွာက ဒေသခံငါးထောင်ကျော် အမြဲတမ်းစစ်ရှောင်နေရ

မတ်၊ ၂၆

စစ်ကိုင်းတိုင်း၊မြောင်မြို့နယ် ၊ကျောက်ရစ်အထိုင်စခန်းက ညစဉ်လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ပစ်ခတ်တာကြောင့် ကျေးရွာ၈ရွာကဒေသခံတွေဟာအမြဲတမ်းစစ်ရှောင်နေရတယ်လို့သိရပါတယ်။

“မြစ်ကမ်းဘေးကရွာတွေအဓိကစစ်ရှောင်ရတယ် ။ကျောက်ရစ်စခန်းကလက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ပစ်လို့ရှောင်ရတာရှိတယ် ။မြစ်အရှေ့ဘက်ကမ်းကဒရုန်းတွေ၊အီနာဂါတွေနဲ့လာပစ်တာတွေရှိတယ် ။တခါချရင်၄လုံးတွဲတွေချလို့လူသေတာတွေရှိတယ် “ လို့Civilians defense security organization (Myaung)ကတာဝန်ရှိသူကိုနွေဦးကပြောပါတယ်။ 

အဲဒီလိုပစ်ခတ်မှုတွေကြောင့်ဆင်မင်းရွာ ၊ ရွှေဘုံသာရွာ ၊ဆည်ရွာ ၊ မယ်မတော်ရွာ ၊ နဘတ်ရွာ ၊ သနပ်ကုန်းရွာ ၊ သမဆေးကန်ရွာ နဲ့ညောင်ကားယားရွာတွေကအမြဲတမ်းစစ်ရှောင်နေရပါတယ်။ 

“ညောင်ကားယားရွာကိုစစ်ကောင်စီကဒရုန်းတွေနဲ့မိုးပေါ်ကနေလာချတာ။ဘယ်ချိန်လာချလို့ချမယ်ဆိုတာကလဲမသိရဘူးလေ။ဒါကြောင့်ရွာထဲမှာမနေတော့ပဲတောထဲမှာပဲစစ်ရှောင်နေရတာ “ လို့သူကထပ်ပြောပါတယ်။ 

အဆိုပါစစ်ရှောင်တွေဟာပြီးခဲ့တဲ့၂၀၂၂နှစ်ကုန်ပိုင်းကနေစတင်စစ်ရှောင်နေရတာဖြစ်တယ်လို့လည်းသိရပါတယ်။ 

လက်ရှိမှာစစ်ရှောင်တွေအနေနဲ့စားရေရိက္ခာ ခက်ခဲနေတယ်လို့သိရပါတယ်။ 

“စစ်ရှောင်တွေကစားနပ်ရိက္ခာခက်ခဲတယ်။အရင်ကအနီးနားကရွာတွေကကူညီကြတယ် ။အခုကရွာတွေကလဲမီးရှို့ခံရလို့ကုန်ပြီဆိုတော့ ကိုယ့်အပူနဲ့ကိုယ်ဆိုတော့ မကူညီနိုင်ကြတော့ဘူးပေါ့”လို့ ကိုနွေဦးကဆိုပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့နွေဦးရောင်နီဆေးဝါးကုသမှုအဖွဲ့ကနေ ကူညီပေးနေတယ်လို့လည်းသိရပါတယ်။ 

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ ဦးအေးလှိုင်ကတော့ ကျေးရွာတွေကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေသူတွေကို သက်ဆိုင်ရာ မြို့နယ်အုပ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွေကနေ ထောက်ပံ့နေတယ်လို့ ပြောဆိုကြောင်းRFA ရဲ့သတင်းအရသိရပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့  ၂၀၂၃ ခုနှစ်၊ မတ်လ ၄ ရက်ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းအတွင်း အရပ်သား ခုနစ်သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

ဓာတ်ပုံ – CDSOM