မတ်၊ ၂၆
စစ်ကိုင်းတိုင်း၊ဘုတလင်ခရိုင်တွင်းရှိဆုံကုန်းကျေးရွာကိုစစ်တပ်က အင်အား ၅၀ ဝန်းကျင် နီးပါးနဲ့ မတ်လ ၂၅ ရက်နေ့ မနက်ပိုင်းကစတင်ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ကျေးရွာအတွင်းက မျက်စိကွယ်နေတဲ့ သက်ကြီးအဖွားအိုနှစ်ဦးအပါအဝင် ကျန်းမာရေးချို့ယွင်းနေတဲ့သက်ကြီးရွယ်အို ခုနှစ်ဦးခန့်မီးလောင်သေဆုံးခဲ့တယ်လို့သိရပါတယ်။
အဲ့ဒီ့မီးဝင်ရှို့ခဲ့တဲ့စစ်ကြောင်းဟာဘုတလင်မြို့ပေါ်မှဝင်ရောက်လာတဲ့ တပ်မ ၁၁ စစ်ကြောင်း ဖြစ်ပြီး ကျေးရွာအတွင်းရှိ နေအိမ် နဲ့ ဘုန်းတော်ကြီးကျောင်းတွေအပါအဝင် ၁၇၅ လုံး မီးလောင်ပြာကျခဲ့ပြီး ခိုင်း နွား ၂၁ ကောင်ပါမီးလောင်သေဆုံးခဲ့ရတယ်လို့လဲဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။
“စစ်ကြောင်းကရွာမြောက်ဖက်ကဝင်ချလာတာပစ်ခတ်ပြီး။အားခြင်းပြေးကြရတော့ လေဖြတ်နေတဲ့အဖိုးအဖွားတွေရယ် ၊မျက်စိမမြင်တဲ့အမယ်အိုကြီးနှစ်ဦးရယ် ၊ မီးထဲပါသွားတာ ။ပြန်ဝင်လာတော့ မီးကတအားကျွမ်းထားတော့ အပိုင်းအစတွေလောက်ပဲတွေ့တော့တာ။ခုတော့မီးလောင်ပြင်ကို ရှင်းနေရတယ် ” လို့ ဆုံကုန်းဒေသခံတဦးက DNA ကိုပြောပါတယ်။
မီးလောင်သေဆုံးသူတွေဟာ ဒေါ်တင်အိ၊ ဒေါ်ခွေး၊ ဒေါ်ကြည်အောင်၊ ဒေါ်မြင့်၊ ဦးဂျပန်ကြီးနဲ့ ဦးဇော်ပြည့် စတဲ့အသက် ၇၀ ကျော် ကျန်းမာရေးမကောင်းသူတွေဖြစ်ကြပြီးတော့ အဲဒီအထဲမှာမျက်မမြင် အဘွားအို(၂)ဦးနဲ့ လေဖြတ်ထားတဲ့ အဘွားအို(၂)ဦး ပါဝင်ပြီးမနေ့ကပဲကြွင်းကျန်တဲ့ရုပ်အလောင်းတွေကိုသဂြိုဟ်လိုက်တယ်လို့လည်းသိရပါတယ်။
“ခုကစစ်ကြောင်းဝင်နေတာ နမ့်မခါးနဲ့ဘုတလင်ကို ခေါက်တုန့်ခေါက်ပြန် ဝင်နေတာ လေးရက်လောက်ရှိပြီ ။ နှစ်ဖွဲ့ကဒီဖက်ဝင်ပြီး ဘုတလင်ကနှစ်ဖွဲ့ကနမ့်မခါးကိုဝင်ဖို့ပြင်နေတယ် ။ တိုက်ပွဲကတော့ထိတွေ့တိုက်ပွဲဖြစ်နေတာမျိုးမရှိဘူး ။ ဒါပေမယ့်မိုင်းဆွဲတာ ဒရုန်းနဲ့ကြဲတာမျိုးလုပ်ကြတာမျိုးပဲ ။ ဒါပေမယ့် ဒီတိုင်းဆိုတိုက်ပွဲ က ဖြစ်လာတော့မှာ ” လို့ ဘုတလင်မြို့နယ် ၊ပြန်ကြားရေးတာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
လက်ရှိမှာတော့စစ်ကောင်စီစစ်ကြောင်းဟာဘုတလင်မြို့ဖက်သို့ထွက်ခွာသွားပြီးပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားတာမျိုးတော့မရှိသေးဘူးလို့ဒေသခံတွေကဆိုပါတယ်။
အဲ့ဒီမတိုင်ခင်မတ်လ ၂၄ ရက် ၊နံနက်ပိုင်းက ဘုတလင်မြို့နယ်၊ ဇီးတော ကျေး ရွာ မှာ ညအိပ်တပ်စွဲထား တဲ့ စစ်ကောင်စီတပ်သား ၁၀၀ ခန့်ကို ဘုတလင်မြို့ အနီးက ကံသစ်ရွာနဲ့ညောင်ပင် ကန်ကျေးရွာကြားမှာ တကြိမ် ၊သာရိုးကုန်းရွာနားမှားတကြိမ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ စစ်တပ်အာဏာသိမ်းချိန်ကနေ၂၀၂၃ခုနှစ်၊ မတ်လ ၂၄ရက်အထိ အရပ်သားသေဆုံးတာ ၃၁၆၀ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPကထုတ်ပြန်ထားပါတယ်။
ဘုတလင်မြို့မှာအာဏာသိမ်းချိန်ကနေ လက်ရှိအချိန်အထိကျေးရွာပေါင်း ၂၂ရွာက အိမ်ခြေပေါင်း၇၀၀ကျော်ကိုစစ်ကောင်စီတပ်ကမီးရှို့ထားပါတယ်။
၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ၂၈ရက်အထိတနိုင်ငံလုံးမှာအိမ်ခြေပေါင်း၆၀၄၅၉မီးရှို့ခံထားရပြီးစစ်ကိုင်းတိုင်းက၄၇၇၇၈အိမ်ပါဝင်ပါတယ်။
လူပေါင်း၁ ဒဿမ ၇သန်းကျော်ဟာလည်းနေအိမ်စွန့်ခွါထွက်ပြေးနေရပါတယ်။
ဓာတ်ပုံ – CJ